Border News Agency
အီရန်၊ မတ် ၁၃။
အီရန်အစိုးရကကမ္ဘာ့ရေနံစိမ်းဈေးကို တစ်စည်ကို ဒေါ်လာ ၂၀၀ အထိရောက်သွားအောင်လုပ်မယ်လို့ ထပ်ပြီး ခြိမ်းခြောက်လိုက်ပါတယ်။
ဒီလိုခြိမ်းခြောက်မှုတွေကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးကလည်း ရေနံဈေးတွေပြန်ကျလာဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေရတယ်လို့ ရိုက်တာ (Reuters) သတင်းဌာနက ဖော်ပြပါတယ်။
အီရန်ခေါင်းဆောင်သစ်မိုတာဘာခါမေနီက ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြီးကတည်းက စွမ်းအင်ဈေးကွက်မှာ အခုလို ရိုက်ခတ်မှုတွေ ဆက်တိုက် ဖြစ်လာတာပါ။
အီရန်ဘက်က ရန်လိုတဲ့ပြောဆိုချက်တွေကြောင့် ရေနံဈေးဟာ ဒေါ်လာ ၁၀၀ အထက်ကို ချက်ချင်းခုန်တက်သွားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ပါရှိပါတယ်။
အကယ်လို့ အီရန်က ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းတွေကိုသာ တကယ် ပိတ်ဆို့လိုက်မယ်ဆိုရင် ကမ္ဘာ့စီးပွားရေး အကြီးအကျယ်ထိခိုက်မှာကို နိုင်ငံတကာက စိုးရိမ်နေကြတာပါ။
အဲဒါကြောင့် အမေရိကန်၊ဥရောပနဲ့ အာရှနိုင်ငံတွေက ရေနံဈေးကို ထိန်းဖို့အတွက် သူတို့ သိုလှောင်ထားတဲ့ အရန်ရေနံတွေကို ထုတ်သုံးဖို့အပြင် တခြား ရေနံထုတ်တဲ့ နိုင်ငံတွေနဲ့လည်း ညှိနှိုင်းဖို့ ပြင်ဆင်နေကြပါတယ်။
သတင်းထောက် Elena Casas ရဲ့ သုံးသပ်ချက်အရ နိုင်ငံတကာက ရေနံဈေးကျအောင် ရုန်းကန်နေရပေမယ့် အီရန်ရဲ့ စစ်ရေးခြိမ်းခြောက်မှုအောက်မှာ လက်တွေ့မှာတော့ ရွေးချယ်စရာ နည်းလမ်း သိပ်မရှိဘူးလို့ သိရပါတယ်။
အီရန်က ဒေသတွင်းက စွမ်းအင်အခြေခံအဆောက်အအုံတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေတာက ရေနံဈေးကို ဒေါ်လာ ၂၀၀ အထိ ရောက်သွားစေနိုင်တဲ့ အဓိက အကြောင်းရင်း ဖြစ်နေတာပါ။
အခုလို စွမ်းအင်ဈေးတွေ အဆမတန် တက်လာတာဟာ ကမ္ဘာတစ်ဝှမ်းက ကုန်ဈေးနှုန်းနဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍတွေကို တိုက်ရိုက် ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် နိုင်ငံကြီးတွေက ရေကြောင်းလုံခြုံရေး တိုးမြှင့်ဖို့နဲ့ရေနံတင်သင်္ဘောတွေ ဘေးကင်းကင်း သွားလာနိုင်ဖို့ စစ်ရေးအရ အကာအကွယ်ပေးဖို့အထိပါ စဉ်းစားလာကြပါတယ်။
ဒီပဋိပက္ခကသာ ရေရှည် ဆွဲသွားမယ်ဆိုရင် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်း ဖြစ်လာနိုင်တယ်လို့လည်းသတိပေးထားပါတယ်။
အီရန်ရဲ့ လုပ်ဆောင်ချက်တွေကို တားဆီးဖို့ နိုင်ငံတကာကသံတမန်ရေးနည်းလမ်းတွေရော၊စီးပွားရေးအရ ဖိအားပေးတာတွေပါ လုပ်နေပေမယ့် အခြေအနေက ပိုပြီး တင်းမာနေဆဲ ဖြစ်ပါတယ်။
ရေနံဈေးကွက် လှုပ်ခတ်မှုတွေကြောင့် နိုင်ငံအတော်များများမှာ လောင်စာဆီ ပြတ်လပ်တာနဲ့ ဈေးနှုန်းကြီးမြင့်တဲ့ ဒဏ်ကို ပြည်သူတွေ စတင် ခံစားနေရပြီ ဖြစ်ပါတယ်။






