Border News Agency
ဝါရှင်တန်၊ မတ် ၁၃။
အီရန်နဲ့စစ်ရေးတင်းမာမှုတွေကြောင့် ရေနံဈေးနှုန်းတွေထိုးတက်နေပေမယ့် ဟော်မုဇ်ရေလက်ကြားကိုဖြတ်သန်းမယ့် ရေနံတင်သင်္ဘောသားတွေအနေနဲ့ “သတ္တိရှိရှိ”မောင်းနှင်ကြဖို့ သမ္မတဒေါ်နယ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။
”ဒီသင်္ဘောတွေက ဟော်မုဇ်ရေလက်ကြားကို ဖြတ်မောင်းပြီးသူတို့ရဲ့သတ္တိကို ပြသင့်တယ်။ ဘာမှကြောက်နေစရာမလိုဘူး။ အီရန်မှာရေတပ်မရှိတော့ဘူး၊ ကျွန်တော်တို့ သူတို့သင်္ဘောတွေကို အကုန်နှစ်မြှုပ်ပစ်လိုက်ပြီ”လို့ ဒေါ်နယ်ထရမ့် က Fox News နဲ့ အင်တာဗျူးမှာပြောကြားခဲ့တာပါ။
အီရန်ရဲ့ ဒုံးကျည်ပစ်စင်တွေဟာလည်း အရင်ကထက် ၂၀ ရာခိုင်နှုန်းလောက်ပဲကျန်တော့ပြီး ပြန်လည်တည်ဆောက်နိုင်စွမ်း မရှိတော့ဘူးလို့ဆိုပါတယ်။
အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ကြားပဋိပက္ခတွေကြောင့် ကမ္ဘာ့ရေနံဈေးဟာ တစည်ကိုဒေါ်လာ ၁၀၀ ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။
အဲဒီအပြင် အမေရိကန်စတော့ဈေးကွက်တွေလည်း ထိုးဆင်းသွားခဲ့ပါတယ်။
ဒါပေမဲ့ အမေရိကန်စွမ်းအင်ဝန်ကြီးခရစ်ရိုက်ကတော့ အဓိကရေနံတင်သင်္ဘောကြီးတစီးဟာ ဘာပြဿနာမှမရှိဘဲရေလက်ကြားကို ဖြတ်သန်းနိုင်ခဲ့ပြီဖြစ်လို့ စွမ်းအင်စီးဆင်းမှု ပြန်လည်ကောင်းမွန်လာတော့မှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။
တဖက်မှာလည်း အတိုက်အခံဒီမိုကရက်တစ်ခေါင်းဆောင်ချပ်ရှူးမားကတော့ ဒေါ်နယ်ထရမ့် ရဲ့ “ပေါ့ဆတဲ့စစ်ပွဲ” ကြောင့် အမေရိကန်မိသားစုတွေ ကုန်ဈေးနှုန်းဒဏ်ခံနေရတယ်လို့ ဝေဖန်လိုက်ပါတယ်။
ဈေးကွက်ကိုထိန်းညှိဖို့နဲ့ ရေနံဈေးပြန်ချနိုင်ဖို့အတွက် အမေရိကန်ရဲ့အရေးပေါ်ရေနံသိုလှောင်ကန်(SPR)ထဲက ရေနံတွေကိုချက်ချင်းထုတ်သုံးဖို့လည်း သူက တိုက်တွန်းထားပါတယ်။
လက်ရှိမှာတော့ အရှေ့အလယ်ပိုင်းက စစ်ရေးတင်းမာမှုတွေကြောင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်ဟာ မငြိမ်မသက်ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။






