Border News Agency
အမေရိကန်၊ မတ် ၁၅။
အီရန်နိုင်ငံရဲ့အရေးပါဆုံး ရေနံတင်ပို့ရာဗဟိုချက်ဖြစ်တဲ့ ကတ်ကျွန်းကို အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကနေ တကျွန်းလုံးနီးပါး အမှုန့်ဖြစ်အောင် ချေမှုန်းလိုက်နိုင်ပြီလို့ သမ္မတထရမ့်က ပြောကြားလိုက်ပါတယ်။
အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ကတ်ကျွန်းပေါ်မှာရှိတဲ့ စစ်ရေးပစ်မှတ်တွေကို အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့တာဖြစ်ပြီး ကျွန်းရဲ့အစိတ်အပိုင်းတော်တော်များများဟာလုံးဝပျက်စီးသွားပြီလို့ ဆိုပါတယ်။
“ပျော်ရုံသက်သက်အတွက် နောက်ထပ် နှစ်ချက်၊သုံးချက်လောက် ထပ်ပြီး ဗုံးကြဲချင်ရင်လည်း ကြဲဦးမှာ။”လို့ NBC သတင်းဌာနနဲ့အင်တာဗျူးတခုမှာ ထရမ့်ကထည့်သွင်းပြောဆိုခဲ့တာပါ။
အစပိုင်းမှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းပြချက်တွေကြောင့် ရေနံနဲ့ စွမ်းအင်ဆိုင်ရာအခြေခံအဆောက်
အအုံတွေကို ချန်လှပ်ထားဖို့ အမိန့်ပေးခဲ့တယ်လို့ဆိုပါတယ်။
ဒါပေမယ့် အီရန်ဘက်က ဟော်မုဇ်ရေလက်ကြားကို ဆက်ပြီးပိတ်ဆို့ထားမယ်ဆိုရင်တော့ ဒီအစီအစဉ်ကိုဘယ်အချိန်မဆို ပြောင်းလဲပစ်နိုင်တယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။
အခုတိုက်ခိုက်ခံရတဲ့ ကတ်ကျွန်းဟာ အီရန်နိုင်ငံရဲ့ရေနံတင်ပို့မှုလုပ်ငန်းတွေအတွက် အသက်သွေးကြောသဖွယ် အရေးပါတဲ့နေရာဖြစ်တာကြောင့် အခုလိုပျက်စီးသွားတာဟာ အီရန်ရဲ့စီးပွားရေးနဲ့ စွမ်းအင်ကဏ္ဍကိုအကြီးအကျယ် ထိခိုက်သွားစေနိုင်တယ်လို့ သုံးသပ်ရပါတယ်။
အဲဒါကြောင့် လက်ရှိမှာတော့ အမေရိကန်နဲ့အီရန်ကြားစစ်ရေးတင်းမာမှုတွေဟာ အမြင့်ဆုံးအခြေအနေကို ရောက်ရှိနေပြီး ဟော်မုဇ်ရေလက်ကြား အခြေအနေအပေါ် မူတည်ပြီး တိုက်ခိုက်မှုတွေ ထပ်မံရှိလာနိုင်မလားဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်။






