Border News Agency
ကွတ်ခိုင်၊ မတ် ၁၇။
ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းမှာ ညီနောင်မဟာမိတ်နှစ်ဖွဲ့ဖြစ်တဲ့ MNDAA နဲ့ TNLA တို့အကြား စစ်ရေးတင်းမာမှုနဲ့ ပစ်ခတ်မှုတွေဖြစ်ပွားနေတာကို အမြန်ဆုံးရပ်တန့်ပေးဖို့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) က မတ်လ ၁၄ ရက်နေ့မှာမေတ္တာရပ်ခံတိုက်တွန်းလိုက်ပါတယ်။
အဲဒီကွတ်ခိုင်မြို့နယ်အတွင်းမှာ မတ်လ ၁၄ ရက်၊မနက်ပိုင်းကစပြီး MNDAA နဲ့ TNLA တို့အကြား အချင်းချင်းပြန်လည်ပစ်ခတ်မှုတွေရှိနေတယ်လို့ သိရတဲ့အတွက် မိမိတို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ များစွာစိတ်မကောင်းဖြစ်ရတယ်လို့ဆိုပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၂၀၂၃ ခုနှစ်အတွင်းက စစ်ဆင်ရေးအောင်မြင်မှုတွေဟာ တဖွဲ့နဲ့တဖွဲ့ အပြန်အလှန် လေးစားမှုနဲ့ စည်းလုံးမှုကြောင့် ဖြစ်တယ်လို့ SRA က ထောက်ပြထားပြီး အခုလို အချင်းချင်းကြား ပဋိပက္ခဖြစ်နေတာကို အထူးစိုးရိမ်တယ်လို့ဆိုပါတယ်။
အခုလို MNDAA နဲ့ TNLA တို့အကြား လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေတာဟာ သက်ဆိုင်ရာ အဖွဲ့အစည်းနှစ်ခုတင်မကဘဲ လက်ရှိနွေဦးတော်လှန်ရေး တခုလုံးအပေါ်မှာပါ ရိုက်ခတ်မှုတွေ ရှိနေတယ်လို့ SRA က သတိပေးထားပါတယ်။
အဲဒါကြောင့် ပြည်သူလူထုတရပ်လုံးက မျှော်လင့်နေတဲ့အနာဂတ် ပြည်ထောင်စုအကျိုးကိုရှေးရှုပြီး အချင်းချင်းကြားက ပြဿနာတွေကို လက်နက်ကိုင်နည်းလမ်းနဲ့ မဖြေရှင်းဘဲ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့တိုက်တွန်းထားပါတယ်။
မဟာမိတ်အချင်းချင်းကြား တင်းမာမှုတွေ ပြေလည်သွားစေဖို့အတွက် SRA အနေနဲ့လည်း အစဉ်အမြဲ ဂရုတစိုက် စောင့်ကြည့်နေသလို ဝိုင်းဝန်းကူညီဖြေရှင်းပေးဖို့ အသင့်ရှိနေတယ်လို့လည်းဆိုပါတယ်။






