Border News Agency
ဝါရှင်တန်၊ မတ် ၁၇ ။
အမေရိကန်လေယာဉ်တင်သင်္ဘော USS Gerald R. Ford ပေါ်မှာ ပြီးခဲ့တဲ့အပတ်ကဖြစ်ပွားခဲ့တဲ့မီးလောင်မှုဟာ အမေရိကန်စစ်ဌာနချုပ်(CENTCOM) ထုတ်ပြန်ထားသလို အနည်းငယ်သာမဟုတ်ဘဲ နာရီ ၃၀ ကျော်ကြာအောင်လောင်ကျွမ်းခဲ့တယ်လို့ သင်္ဘောသားတွေရဲ့ပြောကြားချက်ကိုကိုးကားပြီး New York Times က မတ်လ ၁၇ ရက်၊ ဒီနေ့ဖော်ပြပါတယ်။
အဲဒီမီးလောင်မှုကြောင့် သင်္ဘောသား ၆၀၀ ကျော်ဟာ သူတို့ရဲ့အိပ်ဆောင်တွေကိုဆုံးရှုံးခဲ့ရပြီး ကြမ်းပြင်နဲ့စားပွဲတွေပေါ်မှာအိပ်စက်နေရသလို သင်္ဘောပေါ်က အဝတ်လျှော်ခန်းအပါအဝင် အသုံးအဆောင်တချို့လည်း သုံးမရတော့ဘူးလို့သိရပါတယ်။
အဲဒီသင်္ဘောဟာပင်လယ်ပြင်ထဲမှာ ၁၀ လဆက်တိုက် တာဝန်ထမ်းဆောင်နေရတာဖြစ်ပြီး ဗီယက်နမ်စစ်ပွဲနောက်ပိုင်း သက်တမ်းအရှည်ဆုံးတာဝန်ထမ်းဆောင်တဲ့ စံချိန်ကိုချိုးတော့မယ့် အခြေအနေလည်းဖြစ်နေပါတယ်။
စစ်ဆင်ရေးတွေကြောင့် သင်္ဘောကိုပုံမှန်ပြုပြင်ထိန်းသိမ်းဖို့အချိန်တွေကိုလည်း အကန့်အသတ်မရှိရွှေ့ဆိုင်းထားရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အင်အားဖြည့်တင်းဖို့အတွက် USS George H.W. Bush သင်္ဘောကိုလည်း ထပ်မံစေလွှတ်ဖွယ်ရှိနေပါတယ်။
အခုလိုသင်္ဘောပေါ်မှာ အခက်အခဲတွေရှိနေပေမယ့် ထရန့်အစိုးရဘက်ကတော့ စစ်ပွဲဟာအားသာချက်တွေရှိနေပြီး မကြာခင်မှာအောင်ပွဲခံတော့မယ်လို့ ကြေညာထားပါတယ်။






