Border News Agency
ဂန့်ဂေါ၊ မတ် ၁၇ ။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ကျောက်ဂူဒေသကို မတ်လ ၁၆ ရက်၊ နေ့လည်ပိုင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်နေတဲ့ မိသားစုတခုကမိခင်နဲ့ သမီးဖြစ်သူတို့သေဆုံးသွားတယ်လို့ သိရပါတယ်။
အဲဒီကျောက်ဂူဒေသ စစ်ကော်မရှင်တပ်ဟာ တိုက်လေယာဥ် ၄ စီးနဲ့လေကြောင်းမှ ဗုံး ၈ လုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့် ကန်ရွာကနေစစ်ရှောင်လာတဲ့မိသားစုရဲ့တဲအနားကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် အသက် ၅၀ အရွယ်မိခင်နဲ့ အသက် ၁၃ နှစ်အရွယ်သမီးငယ်တို့သေဆုံးခဲ့ရတယ်လို့ ယောအလင်းတန်းကထုတ်ပြန်ထားပါတယ်။
အဲဒီအပြင် ဖခင်ဖြစ်သူမှာလည်း အသက်အန္တရာယ်စိုးရိမ်ရတဲ့ဒဏ်ရာတွေရရှိထားသလို အသက် ၂၀ အရွယ်သမီးကြီးဖြစ်သူမှာလည်း ခြေထောက်တဖက် ဖြတ်တောက်ရမယ့် အခြေအနေရှိနေတယ်လို့ဆိုပါတယ်။
အဲဒီအပြင်ဒေသတွင်းမှာ နောက်ထပ်ဒဏ်ရာရသူ ၅ ဦးထက်မနည်းရှိနေပြီး နေအိမ်တချို့လည်း ပျက်စီးသွားတယ်လို့ဆိုပါတယ်။
အဲဒီထီးလင်းမြို့နယ်နဲ့ ချင်းပြည်၊ မင်းတပ်မြို့နယ်အစပ်ကို မတ်လ ၁၆ ရက်ညနေပိုင်းမှာလည်း လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
ယောနယ်တဝိုက်မှာ စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတာကြောင့် ပြည်သူတွေလေကြောင်းရန်ကို အထူးသတိထားကြဖို့အသိပေးထားပါတယ်။







