Border News Agency
သံတွဲ၊ မတ် ၁၉။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ်မှာ မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦးခြေတဖက်ပြတ်သွားတယ်လို့ သိရပါတယ်။
သံတွဲမြို့နယ်၊ မောင်ရွှီလေးရွာမှ မော်ရုံရွာမှာစစ်ဘေးရှောင်နေတဲ့ ဦးကျော်မင်းထွန်းခြေထောက်တဖက်ပြတ်ထွက်သွားတာပါ။
ဦးကျော်မင်းထွန်းဟာ မတ်လ ၁၈ ရက်၊ မနက် ၇ နာရီအချိန်ခန့်က သူနေထိုင်တဲ့တဲအနားရှိတောင်ကုန်းထက်ကိုထင်းခုတ်သွားရာမှာ မြေမြုပ်မိုင်းနင်းမိခဲ့တာလို့ဆိုပါတယ်။
အဲဒီမိုင်းပေါက်ကွဲလို့ ဦးကျော်မင်းထွန်းရဲ့ ဘယ်ဖက်ခြေထောက်တဖက်ပြတ်ထွက်သွားခဲ့တာပါ။
အဲဒီသံတွဲမြို့နယ်၊ ကျောက္ကလပ်ရွာမှာလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကမြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦး ခြေတဖက်ပြတ်ထွက်သွားခဲ့ပါတယ်။
အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေလုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုတွေကြားမှာလုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာသတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။
ဒါပေမယ့်အာရက္ခပြည်သူတွေဟာ စစ်ကော်မရှင်တပ်ရဲ့မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကိုပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။







