Border News Agency
စစ်ကိုင်း၊ မတ် ၂၀။
မြန်မာ့နွေဦးတော်လှန်ရေးမှာအမျိုးသမီးတွေဟာ ရဲစွမ်းသတ္တိအပြည့်နဲ့ ရှေ့တန်းကနေ ပါဝင်တိုက်ပွဲဝင်နေကြတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။
နယူးယောက်မြို့မှာ ကျင်းပတဲ့ ၇၀ ကြိမ်မြောက် ကုလသမဂ္ဂ အမျိုးသမီးများအခြေအနေဆိုင်ရာ အစည်းအဝေးမှာအခုလို ထည့်သွင်းပြောကြားခဲ့တာပါ။
မြန်မာအမျိုးသမီးတွေရဲ့ ကြံ့ခိုင်တဲ့စိတ်ဓာတ်ဟာ ထူးခြားပြောင်မြောက်လှသလို ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ တော်လှန်ရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေရဲ့ တန်းတူညီမျှပါဝင်မှုကိုလည်း လက်တွေ့ပြသနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လွတ်မြောက်နယ်မြေတွေမှာဆိုရင်လည်း အမျိုးသမီးတွေဟာ အုပ်ချုပ်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ဦးဆောင်ပါဝင်နေကြတယ်လို့ သံအမတ်ကြီးက ထောက်ပြခဲ့ပါတယ်။
စစ်အုပ်စုက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို စစ်လက်နက်တခုလို စနစ်တကျအသုံးချပြီး အမျိုးသမီးတွေအပေါ် ဖိနှိပ်နေပေမယ့်လည်း အမျိုးသမီးတွေဟာနောက်မဆုတ်ဘဲ ရှေ့တန်းကနေ ဆက်လက်တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် ကျရောက်လာတဲ့ မတရားမှုတွေဟာ အရင်ကထက် ပိုမိုဆိုးရွားလာတယ်လို့လည်း သူက ဆိုပါတယ်။
စစ်အုပ်စုဟာ တရားဥပဒေစိုးမိုးရေးကို ဖျက်ဆီးပြီး နေ့စဉ်မတရားသတ်ဖြတ်တာ၊ ဖမ်းဆီးတာနဲ့ လေကြောင်းကနေ ဗုံးကြဲတာတွေကို လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံဟာ လက်ရှိမှာ နယ်စပ်ဖြတ်ကျော်မှုခင်းတွေ ပျော်စံရာနေရာ ဖြစ်လာနေပြီး ဒါဟာဒေသတွင်းတည်ငြိမ်ရေးကိုပါ တိုက်ရိုက်ခြိမ်းခြောက်နေတယ်လို့ သတိပေးခဲ့ပါတယ်။
နိုင်ငံတကာအနေနဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးကို အပြည့်အဝထောက်ခံပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဖက်ဒရယ်စနစ်ပေါ်ထွန်းမှသာ အမျိုးသမီးတွေအတွက် တန်းတူညီမျှတဲ့တရားမျှတမှုနဲ့ အခြေခံအခွင့်အရေးတွေကို အပြည့်အဝခံစားခွင့် ရရှိမှာဖြစ်တယ်လို့လည်းပြောကြားခဲ့ပါတယ်။






