Border News Agency
ပဲခူး၊ မတ် ၂၀။
ပဲခူးတိုင်း၊ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ စစ်ကော်မရှင်တပ်သား ၃ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဆီအလင်းဝင်လာတယ်လို့ KNU – ခလယ်လွီထူခရိုင်က မတ်လ ၂၀ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီအလင်းဝင်ရောက်လာသူတွေဟာ ခမရ ၃၅၀တပ်ရင်း၊ သံဆိပ်စခန်းမှာတာဝန်ကျနေတဲ့ အသက် ၃၄ နှစ်အရွယ် ကိုမင်းထက်၊ အသက်၂၈ နှစ်အရွယ် ကိုဖိုးသဲနဲ့ ၁၈ နှစ်အရွယ် ကိုဖိုးသားတို့ဖြစ်ပါတယ်။
သူတို့ဟာ KNLA တပ်ရင်း ၉ ဆီကို မတ်လ ၁၉ ရက်နေ့မှာ လာရောက်ပူးပေါင်းခဲ့တာဖြစ်ပါတယ်။
အဲဒီတပ်သား ၃ ဦးဟာ သူတို့ရဲ့ဆန္ဒမပါဘဲ အတင်းအဓမ္မဖမ်းဆီးခံရပြီးနောက် စစ်မှုထမ်းဖို့စေခိုင်းခံရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်ရဲ့စစ်မှုထမ်းဥပဒေအရ အတင်းအကျပ်ခေါ်ဆောင်ခံရသူတွေထဲက အခုလိုတော်လှန်ရေးအဖွဲ့တွေထံ ထွက်ပြေးပူးပေါင်းမှုတွေဆက်တိုက်ရှိနေတာပါ။
KNU ဘက်ကတော့မိမိဆန္ဒမပါဘဲ စစ်မှုထမ်းနေရသူတွေအနေနဲ့ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်ကြဖို့တိုက်တွန်းထားပါတယ်။
အဲဒီအလင်းဝင်လာသူတွေကို KNU က ကောင်းမွန်စွာလက်ခံစောင့်ရှောက်ထားတယ်လို့ဆိုပါတယ်။






