Border News Agency
အီရန်၊ မတ် ၂၀။
အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC)ဟာ အစ္စရေးနိုင်ငံ၊ ဟိုင်ဖာပင်လယ်ကွေ့ရှိ အကြီးဆုံးရေနံချက်စက်ရုံစုဖြစ်တဲ့ Bazan Group ကို မတ်လ ၁၉ ရက်မှာ ဒုံးကျည်အမြောက်အမြားနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
ဒါဟာအီရန်ရဲ့ South Pars သဘာဝဓာတ်ငွေ့မြေကို အစ္စရေးကတိုက်ခိုက်ခဲ့တာကို လက်တုံ့ပြန်တာဖြစ်တယ်လို့ အီရန်ဘက်ကအတည်ပြုပါတယ်။
ဒီတိုက်ခိုက်မှုမှာ အီရန်ဟာနည်းပညာမြှင့်တင်ထားတဲ့ “Nasrallah”အပါအဝင် တာလတ်ပစ်ဒုံးကျည်အမျိုးအစားပေါင်းစုံကို အသုံးပြုခဲ့တာကြောင့် Bazan ရေနံချက်စက်ရုံမှာ မီးလောင်မှုအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။
ဒါ့အပြင်အက်ရှ်ဒေါ့ဒ်မြို့က ရေနံချက်စက်ရုံလည်းတိုက်ခိုက်ခံခဲ့ရပြီး ဟိုင်ဖာဒေသတဝိုက်မှာ လျှပ်စစ်မီးတွေပြတ်တောက်သွားခဲ့ပါတယ်။
အစ္စရေးရဲ့အစောပိုင်းတိုက်ခိုက်မှုကြောင့် အီရန်နိုင်ငံရဲ့ဓာတ်ငွေ့ထုတ်လုပ်နိုင်စွမ်း ၅ ပုံ ၁ ပုံခန့် လျော့ကျသွားပြီး ပြည်တွင်းလျှပ်စစ်ထုတ်လုပ်မှုကို ထိခိုက်ခဲ့ပါတယ်။
အခုတိုက်ခိုက်မှုဟာ စွမ်းအင်ကဏ္ဍထိခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့အစ္စရေးရဲ့စစ်ဗျူဟာမြောက် စွမ်းအင်အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားခဲ့တာဖြစ်ပါတယ်။
တချိန်တည်းမှာပဲ IRGC ဟာ ကာတာနိုင်ငံက Ras Laffan ဓာတ်ငွေ့စက်ရုံနဲ့ ဆော်ဒီအာရေးဗီးယားက SAMREF ရေနံချက်စက်ရုံတွေကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီနေရာတွေဟာ အမေရိကန်နဲ့ အစ္စရေးရဲ့မဟာဗျူဟာတွေကို ကူညီပေးနေတယ်လို့ အီရန်ဘက်ကစွပ်စွဲထားပါတယ်။
ဒီစစ်ရေးတင်းမာမှုကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းဟာ တစ်ဗီပါကို ၁၁၅ ဒေါ်လာအထိထိုးတက်သွားပြီး ဥရောပရဲ့ဓာတ်ငွေ့စျေးနှုန်းလည်း ၃၀ ရာခိုင်နှုန်းကျော်မြင့်တက်သွားခဲ့ပါတယ်။
လက်ရှိမှာ အရှေ့အလယ်ပိုင်းဒေသရဲ့စွမ်းအင်ကဏ္ဍဟာ စစ်မီးအတွင်းကျရောက်နေတာကြောင့် ကမ္ဘာ့စီးပွားရေးအပေါ် စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။






