Border News Agency
အီရန်၊ မတ် ၂၀။
အမေရိကန်လေတပ်ရဲ့အဆင့်မြင့် Stealth နည်းပညာသုံး F-35 Lightning II တိုက်လေယာဉ်တစင်းဟာ အီရန်နိုင်ငံအလယ်ပိုင်းမှာပစ်ခတ်ခံရပြီး အပြင်းအထန် ပျက်စီးသွားတယ်လို့ CNN သတင်းက မတ်လ ၁၉ ရက်မှာ ဖော်ပြပါတယ်။
ဒါဟာ ဖေဖော်ဝါရီလနှောင်းပိုင်းကတည်းက စတင်ခဲ့တဲ့ စစ်ပွဲအတွင်း F-35 တိုက်လေယာဉ် ပစ်ခတ်ခံရတာကို ပထမဆုံးအကြိမ် တရားဝင် အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
အဲဒီတိုက်လေယာဉ်ဟာ အီရန်နိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်နေစဉ် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ခတ်ခံခဲ့ရတာပါ။
လေယာဉ်ဟာ ထိခိုက်ပျက်စီးမှု များပြားခဲ့ပေမယ့် အရှေ့အလယ်ပိုင်းရှိ အခြေစိုက်စခန်းတခုကို အရေးပေါ် ဆင်းသက်နိုင်ခဲ့ပြီး နာရီပိုင်းအကြာမှာတော့ အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) ကအတည်ပြုခဲ့ပါတယ်။
အီရန်ဘက်ကတော့ သူတို့ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ အမေရိကန်ရဲ့ အဆင့်မြင့်တိုက်လေယာဉ်ကို အောင်မြင်စွာ ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး လေယာဉ်မှာ ပျက်ကျလုနီးပါး ပျက်စီးသွားတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီးက အီရန်ရဲ့ကာကွယ်ရေးစနစ်တွေကို ချေမှုန်းနိုင်ပြီလို့ ပြောကြားအပြီး နာရီပိုင်းအတွင်းမှာပဲ အခုလို ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့တာပါ။
ဒီဖြစ်ရပ်ဟာ ဒေါ်လာသန်း ၁၀၀ ကျော် တန်ဖိုးရှိတဲ့ F-35 တိုက်လေယာဉ်တွေရဲ့ Stealth (ရေဒါမမိသော) နည်းပညာအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာစေတယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
အမေရိကန်စစ်တပ်ဟာ လက်ရှိမှာ ဘယ်လိုလက်နက်အမျိုးအစားနဲ့ ပစ်ခတ်ခံရတာလဲဆိုတာကို စုံစမ်းစစ်ဆေးနေပြီး အီရန်ရဲ့ ကျန်ရှိနေသေးတဲ့ လေကြောင်းရန်ကာကွယ်ရေး စွမ်းဆောင်ရည်ကို ပြန်လည်အကဲဖြတ်နေပါတယ်။
အမေရိကန်နဲ့ အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ အီရန်နိုင်ငံအတွင်းက စစ်ရေးနဲ့ နျူကလီးယားပစ်မှတ်ပေါင်း ၂,၀၀၀ ကျော်ကို ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။
အခုလို တိုက်လေယာဉ် ထိခိုက်မှုကြောင့် နောက်နောင် ပြုလုပ်မယ့်လေကြောင်းစစ်ဆင်ရေးတွေမှာ အန္တရာယ်ကင်းအောင် ဘယ်လိုပြင်ဆင်မလဲဆိုတာကို အမေရိကန်စစ်တပ်က အလေးထား ဆောင်ရွက်နေတယ်လို့ သိရပါတယ်။






