Border News Agency
အီရန်၊ မတ် ၂၀။
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ဟာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမယ့် ရေနံတင်သင်္ဘောတွေဆီကနေ ဘေးကင်းလုံခြုံရေးအတွက် တစီးကို ဒေါ်လာ ၂ သန်းအထိ ကောက်ခံနေတယiလို့ Financial Times သတင်းမှာ ဖော်ပြထားပါတယ်။
ဒါဟာ စစ်မီးတောက်နေတဲ့ အဲဒီရေလမ်းကြောင်းကို အီရန်က စီးပွားဖြစ် လမ်းကြေးကောက်ခံတဲ့နေရာအဖြစ် ပြောင်းလဲလိုက်တာပဲဖြစ်တယ်လို့ ဆိုပါတယ်။
သင်္ဘောကုမ္ပဏီတွေဟာ အီရန်ပြင်ပက ကြားခံလူတွေကတဆင့် IRGC နဲ့ ဆက်သွယ်ပြီး ဒီလမ်းကြေးကို ပေးဆောင်နေရတာပါ။
ငွေပေးချေမှုကိုတော့ လက်ငင်းငွေသား၊ ခရစ်ပတိုဒစ်ဂျစ်တယ်ငွေကြေး ဒါမှမဟုတ် ကုန်ပစ္စည်းချင်းလဲလှယ်တဲ့ စနစ်တွေနဲ့ လုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။
လက်ရှိမှာ Shivalik နဲ့ Sea Bird အပါအဝင် သင်္ဘော ၉ စီးခန့်ဟာ ဒီလိုနည်းလမ်းနဲ့ ဖြတ်သန်းသွားနိုင်ခဲ့ပြီလို့ ဆိုပါတယ်။
အခုလို ဒေါ်လာသန်းနဲ့ချီ ပေးနေရတာဟာ စစ်ဘေးအာမခံခကြီးမြင့်လာတာထက် ပိုပြီး တွက်ခြေကိုက်လို့ ဖြစ်ပါတယ်။
ရေနံတင်သင်္ဘောကြီးတစီးဟာ ၇ ရက်ကြာ ခရီးစဉ်အတွက် အာမခံခ ဒေါ်လာ ၃ သန်းကနေ ၆ သန်းအထိ ပေးဆောင်နေရတာကြောင့် အီရန်ကို လမ်းကြေးပေးပြီး ဖြတ်သန်းတာက ကုမ္ပဏီတွေအတွက် ကုန်ကျစရိတ် ပိုသက်သာနေတာပါ။
အီရန်အစိုးရဟာ ဒီလမ်းကြေးပေးချေမှုတွေကို အမေရိကန်ဒေါ်လာအစား တရုတ်ယွမ်ငွေနဲ့သာ လက်ခံဖို့ စဉ်းစားနေပြီး ဒါဟာ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုကို တုံ့ပြန်တဲ့ စစ်ပွဲတရပ်လည်း ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ အိန္ဒိယနဲ့ ပါကစ္စတန်လို နိုင်ငံတွေက သင်္ဘောတွေကတော့ အစိုးရချင်း ညှိနှိုင်းမှုတွေကြောင့် လမ်းကြေးပေးစရာမလိုဘဲ ဖြတ်သန်းခွင့် ရနေတယ်လို့ သိရပါတယ်။
ဒီစစ်ရေးတင်းမာမှုတွေကြောင့် ဟော်မုဇ်ရေလက်ကြားမှာ တရက်ကို သင်္ဘောအစီး ၁၀၀ ခန့် ဖြတ်သန်းနေရာကနေ အခုတော့ ၂ စီးခန့်သာ ရှိပါတော့တယ်။
အခြားသင်္ဘော ၄၀၀ ကျော်ကတော့ ပင်လယ်ထဲမှာ ရက်အကန့်အသတ်မရှိ စောင့်ဆိုင်းနေရပြီး ဒီလိုလမ်းကြေးနဲ့ ကုန်ကျစရိတ် မြင့်တက်လာမှုတွေဟာ နောက်ဆုံးမှာတော့ ကမ္ဘာ့ရေနံနဲ့ ကုန်စည်စျေးနှုန်းတွေအပေါ် ရိုက်ခတ်လာတော့မှာ ဖြစ်ပါတယ်။






