Border News Agency
ဖရေး၊ မတ် ၂၂။
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဖရေးခရိုင် စောင်မြို့နယ်က အငှားဂိုဒေါင်တခုမှာ ပို့ဆောင်ဖို့အသင့်ပြင်ထားတဲ့ စိတ်ကြွဆေးပြား ၈ သန်းကျော်ကို ရဲတပ်ဖွဲ့ကဖော်ထုတ်သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
အဲဒီဒန်ချမ်ဖွန်းကျေးရွာရှိ ဂိုဒေါင်တခုမှာမတ်လ ၂၁ ရက်နေ့က ပုံမှန်ကုန်စည်တွေနဲ့မတူဘဲ အိတ်အမည်းတွေနဲ့ သိုလှောင်ထားတယ်ဆိုတဲ့ သတင်းပေးပို့ချက်အရ ရဲတပ်ဖွဲ့ကဝင်ရောက်စီးနင်းခဲ့တာပါ။
အဲဒီလိုစစ်ဆေးရာမှာ ပလတ်စတစ်ခြင်းတောင်းတွေထဲ ထည့်ထားတဲ့အိတ်အမည်း ၄၀ ကို တွေ့ရှိခဲ့ပါတယ်။
အဲဒီအိတ်တွေကို ဖွင့်ဖောက်စစ်ဆေးတဲ့အခါမှာတော့ တအိတ်ကို ဆေးပြား ၂ သိန်းစီ စနစ်တကျထုပ်ပိုးထားတဲ့ စိတ်ကြွဆေးပြား စုစုပေါင်း ၈ သန်းကျော်ကို သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။
အဲဒီဂိုဒေါင်အတွင်းက သက်သေခံပစ္စည်းတွေ၊ လက်ဗွေရာတွေနဲ့ အခြားအထောက်အထားတွေကို သိပ္ပံနည်းကျစစ်ဆေးနေပါတယ်။
ဂိုဒေါင်ပိုင်ရှင်နဲ့ ငှားရမ်းသူတွေကို အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။








