Border News Agency
နတ်မောက်၊ မတ် ၂၄။
မကွေးတိုင်း၊ နတ်မောက်မြို့မြောက်ဘက် ၂ မိုင်အကွာက နဒီရွှေဝါမြို့ဝင်ဂိတ်မှာရှိတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက မတ်လ ၂၄ ရက်၊ ဒီနေ့မှာတိုက်ခိုက်ခဲ့တယ်လို့ ငါးပြေမ ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲဒီဂိတ်ကို စစ်ကော်မရှင်တပ်အရာရှိကြီးတဦးလာမယ်ဆိုတဲ့သတင်းအရ မတ်လ ၂၃ ရက်၊ မနက်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေစောင့်ကြိုတိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့ကြတာပါ။
ဒါပေမယ့် စစ်ကော်မရှင်တပ်ကားကကြိုတင်ရိပ်မိပြီး မောင်းပြေးသွားတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေကမြို့ဝင်ဂိတ်ကိုတိုက်ခိုက်ခဲ့ပြီး ကားတစီးအပါအဝင် ကွန်ပျူတာနဲ့ဖုန်းတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီအပြင် စစ်ကော်မရှင်တပ်က ပြည်သူတွေဆီကနေ မတရားကောက်ခံထားတဲ့ ငွေကျပ် ၅ သိန်းကျော်ကိုလည်း ပြန်လည်သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို သရက်ခရိုင် အမှတ် ၃ တပ်ရင်းနဲ့ နတ်မောက် ပကဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူတွေအနေနဲ့ စစ်ကော်မရှင်တပ်တွေနဲ့ ဝေးဝေးနေကြဖို့လည်း သတိပေးနှိုးဆော်ထားပါတယ်။







