Border News Agency
စစ်ကိုင်း၊ မတ် ၂၆။
မြန်မာနိုင်ငံတဝှမ်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့ကနေ မတ်လ ၂၄ ရက်နေ့အထိ သုံးလအတွင်း စစ်ကော်မရှင်တပ်ရဲ့အကြမ်းဖက်မှုတွေကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၆၁ ဦးအထိ သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က မတ်လ ၂၅ ရက်နေ့ကထုတ်ပြန်ပါတယ်။
အဲဒီသေဆုံးခဲ့ရတဲ့ ကလေးငယ် ၆၁ ဦးထဲမှာ အသက် ၂ လသားအရွယ် ကလေးငယ်တဦးပါဝင်နေပြီး မိန်းကလေး ၃၁ ဦးနဲ့ ယောက်ကျားလေး ၂၀ ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒေသအလိုက် ကြည့်မယ်ဆိုရင် ပဲခူးတိုင်းမှာ ၂၃ ဦးနဲ့ သေဆုံးမှုအများဆုံးဖြစ်ခဲ့ပြီး၊ စစ်ကိုင်းတိုင်းမှာ ၁၆ ဦးနဲ့ ဒုတိယအများဆုံး ဖြစ်ခဲ့ရတာကို တွေ့ရှိရပါတယ်။
ကလေးငယ်တွေ သေဆုံးရတဲ့ အဓိကအကြောင်းအရင်းဟာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဖြစ်ပြီး စုစုပေါင်း ၃၆ ဦးအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းချိန်ကနေ အခုအချိန်အထိ စစ်ကော်မရှင်တပ်ကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူစုစုပေါင်းဟာ ၇,၉၄၄ ဦးအထိ ရှိလာပြီဖြစ်ပြီး အပြစ်မဲ့ကလေးငယ်တွေနဲ့ ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေမှုတွေဟာ ပိုမိုဆိုးရွားလာနေတယ်လို့ဆိုပါတယ်။






