Border News Agency
အီရန်၊ မတ် ၂၆။
အီရန်ရဲ့ တိုက်ခိုက်မှုတွေဟာ နိုင်ငံအချုပ်အခြာအာဏာကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေတာဖြစ်လို့ အမြန်ဆုံးရပ်တန့်ဖို့ ပင်လယ်ကွေ့နိုင်ငံတွေက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ တောင်းဆိုလိုက်တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။
ဆော်ဒီအာရေးဗျ၊ကာတာနဲ့ ကူဝိတ်အပါအဝင် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အဖွဲ့ဝင်နိုင်ငံတွေဟာ ဒီပဋိပက္ခမှာပါဝင်ပတ်သက်တာမရှိပေမဲ့ အီရန်ရဲ့တိုက်ခိုက်မှုကို ခံနေရတာကြောင့် အရေးပေါ် အစည်းအဝေးခေါ်ယူပြီး ကန့်ကွက်ခဲ့တာပါ။
အီရန်ရဲ့ လုပ်ရပ်ဟာ ကုလသမဂ္ဂပဋိညာဉ်နဲ့ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်နေသလို အိမ်နီးချင်းကောင်း ပီသမှုမရှိဘဲ ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ပေးနေတဲ့ နိုင်ငံတွေကိုပါ ပစ်မှတ်ထားနေတာဖြစ်တယ်လို့ ဆော်ဒီကိုယ်စားလှယ်က ဝေဖန်ခဲ့ပါတယ်။
အထူးသဖြင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေနဲ့ ရေချိုထုတ်လုပ်တဲ့ စက်ရုံတွေကို တိုက်ခိုက်တာဟာ လူ့အခွင့်အရေးကိုပါ ထိခိုက်စေသလိုဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် ကမ္ဘာ့စီးပွားရေးအတွက်ပါ ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်နေတယ်လို့ GCC နိုင်ငံတွေက ထောက်ပြထားပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မင်းကြီးကလည်း အရှေ့အလယ်ပိုင်းဒေသဟာ အလွန်ဆိုးရွားတဲ့ ဘေးအန္တရာယ်ဆီကို ဦးတည်နေပြီး ဒီစစ်ပွဲကို အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ သြဇာရှိတဲ့ နိုင်ငံတွေက ဝိုင်းဝန်းလုပ်ဆောင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။






