Border News Agency
နေပြည်တော်၊ မတ် ၂၆။
နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်မှာလူငယ်တွေကို အတင်းအဓမ္မ စစ်သားစုဆောင်းပေးနေတဲ့ အုပ်ချုပ်ရေးမှူးတဦးကို ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မတ်လ ၂၅ ရက်နေ့ကထုတ်ပြန်ပါတယ်။
အဲဒီအသတ်ခံရသူဟာ ထန်းတပင်ရွာ အုပ်ချုပ်ရေးမှူး အောင်ကျော်ဖြစ်ပြီး သူဟာ အနီးနားရွာကလူငယ်တွေကို ဖမ်းဆီးပြီးစစ်ကော်မရှင်တပ်ထံ ပို့ဆောင်နေသူဖြစ်တယ်လို့ဆိုပါတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၂၉ အနီးရှိ သူရဲ့ကျေးရွာအတွင်းမှာ PDF တပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးစဉ်အတွင်း “ငါက အုပ်ကြီးကွ” ဟုမောက်မာပြောဆိုခဲ့တဲ့အတွက် နေရာမှာတင် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ဆိုပါတယ်။
အဲဒီ အုပ်ချုပ်ရေးမှူးနဲ့အတူ ပါလာတဲ့ ရုံးပိုင်းဆိုင်ရာတံဆိပ်တုံးတွေနဲ့ အခြားအထောက်အထားတွေကိုလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
ဗိဿနိုး PDF ကတော့ စစ်ကော်မရှင်တပ်ရဲ့အဓမ္မစစ်သားစုဆောင်းမှုမှာ ပါဝင်ကူညီနေတဲ့ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ဒီလုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ကြဖို့နဲ့ ပြည်သူကို ဒုက္ခပေးနေတဲ့ ဒေါက်တိုင်မှန်သမျှကို ဆက်လက်ချေမှုန်းသွားမယ်လို့သတိပေးထားပါတယ်။









