Border News Agency
အီရန်၊ မတ် ၂၇။
ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့ဟာ အီရန်နိုင်ငံနဲ့အတူစစ်ပွဲအတွင်း ပါဝင်တိုက်ခိုက်ဖို့ စစ်ရေးအရအပြည့်အဝ အသင့်ရှိနေကြောင်းနဲ့ လိုအပ်ရင်အသုံးပြုနိုင်မယ့် နည်းလမ်းပေါင်းစုံ လက်ဝယ်ရှိထားတယ်လို့ Reuters သတင်းဌာနကို ပြောကြားလိုက်ပါတယ်။
ဟူသီအဖွဲ့ရဲ့ အဆင့်မြင့်အရာရှိတဦးက သူတို့အနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ဘယ်အချိန်မှာ စတင်ဝင်ရောက်တိုက်ခိုက်မလဲဆိုတာကတော့ ခေါင်းဆောင်ပိုင်းရဲ့ ဆုံးဖြတ်ချက်နဲ့ စစ်မြေပြင်အခြေအနေပေါ်မှာ မူတည်တယ်လို့ ဆိုပါတယ်။
တကယ်လို့ ဟူသီအဖွဲ့သာ စစ်ပွဲထဲပါဝင်လာခဲ့ရင် ကမ္ဘာ့ရေနံနဲ့ ကုန်စည်စီးဆင်းမှုအတွက် အလွန်အရေးပါတဲ့ ဘပ်အယ်လ်မန်ဒက်ဘ် ရေလက်ကြားကိုပိတ်ဆို့တိုက်ခိုက်ဖို့ အဓိက ပစ်မှတ်ထားလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပါတယ်။
အဒဒီရေလက်ကြားဟာ ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့ကို ဆက်သွယ်ပေးထားပြီး ပါရှန်းပင်လယ်ကွေ့၊ဥရောပနဲ့ အာရှတိုက်တွေကြားကုန်စည်ပို့ဆောင်ရေးအတွက် အချက်အခြာကျတဲ့နေရာ ဖြစ်ပါတယ်။
အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားတဲ့အချိန်မှာ ဟူသီကပါ ဒီလမ်းကြောင်းကို ထပ်ပိတ်လိုက်ရင် ကမ္ဘာ့စီးပွားရေးအပေါ် ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ရှိလာနိုင်ပါတယ်။
လေဘနွန်နဲ့ အီရတ်မှာရှိတဲ့အီရန်လိုလားတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ စစ်ပွဲထဲ ပါဝင်နေကြပြီဖြစ်ပေမယ့် ဟူသီအဖွဲ့ကတော့ အခြေအနေကို စောင့်ကြည့်နေဆဲပါ။
ဒါပေမယ့် စစ်မြေပြင်အခြေအနေ ပြောင်းလဲလာတာနဲ့အမျှ ဟူသီအဖွဲ့ဟာ အီရန်နဲ့ ညှိနှိုင်းပြီး စစ်မျက်နှာသစ်တခုကို ဖွင့်လှစ်လာနိုင်တယ်လို့ သုံးသပ်ရပါတယ်။






