Border News Agency
အမေရိကန်၊ မတ်လ ၂၇ ။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အီရန်နဲ့ဖြစ်ပွားနေတဲ့စစ်ပွဲဟာ သူတို့မျှော်မှန်းထားတာထက်ပိုပြီး ခရီးရောက်နေကြောင်းနဲ့အီရန်အစိုးရဟာ အခုအခါမှာ အကြီးအကျယ်ရှုံးနိမ့်သွားပြီလို့ ဝန်ခံနေရပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
သမ္မတထရန့်က “အီရန်ဟာအခုတော့ သူတို့ရှုံးသွားပြီဆိုတာသိသွားပါပြီ။ ဒါကြောင့်လည်း သူတို့ကကျွန်တော်တို့နဲ့ဆွေးနွေးဖို့ ကမ်းလှမ်းလာတာပါ။ အခုဆိုရင် ကျွန်တော်တို့ကအီရန်နိုင်ငံအတွင်းက မြို့တွေ၊ ရွာတွေအထိသွားပြီး သူတို့ရဲ့ နျူကလီးယားလက်နက်တွေနဲ့ ဒုံးကျည်တွေကိုအပြတ်ရှင်းပစ်ဖို့ အခွင့်အရေးရနေပြီ” လို့ ဆိုပါတယ်။
ဒါ့အပြင် အီရန်ဟာအမေရိကန်ဆီကို ရေနံတင်သင်္ဘော ၈ စီး ပေးပို့ဖို့ရှိနေကြောင်းနဲ့ ဒါဟာအီရန်ဘက်ကအမေရိကန်နဲ့ ပြန်လည်သင့်မြတ်ချင်တဲ့ သဘောမျိုး ပြသတာဖြစ်တယ်လို့လည်း သူကပြောပါတယ်။
ထရန့်ဟာ အီရန်ကပစ်ခတ်လိုက်တဲ့ ဒုံးကျည်ကိစ္စနဲ့ပတ်သက်ပြီးပြောဆိုရာမှာလည်း ကျွန်းအမည်ကိုမှားယွင်းပြောဆိုခဲ့ပေမယ့် အီရန်ရဲ့ဒုံးကျည်စွမ်းရည်ဟာ သူတို့ ထင်ထားတာထက်ပိုပြီး ဝေးဝေးရောက်နိုင်တာကိုတော့ အတည်ပြုခဲ့ပါတယ်။
တဖက်မှာလည်း အမေရိကန်စစ်ရေးတာဝန်ရှိသူတွေကတော့ အီရန်ကောင်းကင်ယံမှာ အမေရိကန်ရဲ့ A-10 တိုက်လေယာဉ်တွေနဲ့ Apache တိုက်ခိုက်ရေးဟယ်လီကော်ပတာတွေဟာ စစ်ဆင်ရေးတွေကိုဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်းနဲ့ ဟော်မုဇ်ရေလက်ကြားတခုလုံးကိုလည်း ထိန်းချုပ်ထားကြောင်း ပြောကြားထားပါတယ်။
ထရန့်ကတော့ ဂျာမနီအပါအဝင် နေတိုး(NATO)အဖွဲ့ဝင်နိုင်ငံတွေရဲ့ ရပ်တည်ချက်အပေါ် စိတ်ပျက်မိကြောင်းနဲ့ ယူကရိန်းစစ်ပွဲမှာသူတို့ကူညီနေသလိုမျိုး အခုအီရန်ကိစ္စမှာလည်း ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။






