Border News Agency
နေပြည်တော်၊ မတ် ၂၈။
လက်နက်ကိုင်လမ်းစဉ်ကိုမစွန့်လွှတ်တဲ့ အကြမ်းဖက်သမားတွေဟာ မူးယစ်ဆေးဝါးကုန်သွယ်မှုနဲ့ အဓိကဝင်ငွေရှာနေကြတယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က စွပ်စွဲပြောပါတယ်။
နေပြည်တော်မှာ မတ်လ ၂၇ ရက်၊ မနေ့က ၈၁ နှစ်မြောက်တပ်မတော်နေ့ကျင်းပခဲ့ပြီး အဲဒီအခမ်းအနားမိန့်ခွန်းမှာပြောတာပါ။
အဲဒီအပြင်အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားမှုတွေအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းတွေကိုလည်းကျူးလွန်နေတာကြောင့် အထူးစစ်ဆင်ရေးတွေနဲ့ တိုက်ဖျက်နေတယ်လို့ သူကဆိုပါတယ်။
ဒါပေမယ့် လက်တွေ့မြေပြင်မှာတော့ အာဏာသိမ်းစစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့အဖွဲ့အစည်းပေါင်းစုံဟာ မူးယစ်ဆေးဝါးလုပ်ငန်းတွေနဲ့အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွေမှာ အဓိကပါဝင်ပတ်သက်နေတယ်လို့ နိုင်ငံတကာအစီရင်ခံစာတွေမှာဖော်ပြထားတာပါ။
နယ်စပ်ဒေသတွေမှာ စစ်ကော်မရှင်တပ်ရဲ့အကာအကွယ်ကိုယူပြီး တရားမဝင်လုပ်ငန်းတွေကိုလုပ်ကိုင်နေကြတာကြောင့် စစ်ခေါင်းဆောင်ရဲ့စွပ်စွဲချက်ဟာ အာဏာသိမ်းစစ်တပ်က ပျက်ကွက်မှုနဲ့ပါဝင်ပတ်သက်မှုတွေကိုဖုံးကွယ်ဖို့ တခြားအဖွဲ့အစည်းတွေအပေါ် ပုံချလိုက်တာသာဖြစ်တယ်လို့ ဝေဖန်သူတွေက ထောက်ပြနေကြပါတယ်။






