Border News Agency
အမေရိကန်၊မတ် ၂၈။
အရှေ့အလယ်ပိုင်း စစ်ဆင်ရေးလေးပတ်အတွင်းမှာတင် အမေရိကန်ရေတပ်ဟာ Tomahawk ဒုံးကျည်ပေါင်း ၈၅၀ ကျော်ကို အသုံးပြုခဲ့တယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာက ဖော်ပြပါတယ်။
အဲဒီပမာဏဟာ အမေရိကန်ကာကွယ်ရေးဌာနရဲ့ တနှစ်စာ ပုံမှန်ဝယ်ယူမှုထက် ၉ ဆလောက်ပိုများနေတာကြောင့် အမေရိကန်ရဲ့ လက်နက်အင်အားအပေါ် စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။
အမေရိကန်လက်နက်တိုက်ထဲမှာ ဒီဒုံးကျည်အမျိုးအစား ၃,၀၀၀ ကနေ ၄,၅၀၀ ဝန်းကျင်ပဲ ကျန်တော့တာကြောင့် ရှိသမျှရဲ့ လေးပုံတစ်ပုံနီးပါး ကုန်သွားတာဖြစ်တယ်လို့ CSIS က သုံးသပ်ထားပါတယ်။
အဲဒီဒုံးကျည်တလုံးထုတ်ဖို့ နှစ်နှစ်လောက် အချိန်ယူရတာဖြစ်ပြီး ပြီးခဲ့တဲ့ ၇၂ နာရီအတွင်း သုံးစွဲခဲ့တဲ့ အရေအတွက်ကို ပြန်ဖြည့်ဖို့ဆိုရင် ပုံမှန်ထုတ်လုပ်မှုနှုန်းနဲ့ ၄ နှစ်ခွဲလောက် အချိန်ယူရမှာ ဖြစ်ပါတယ်။
အဲဒါကြောင့် အမေရိကန်အစိုးရဟာ လက်နက်ပြတ်လပ်မှုကို ကာကွယ်ဖို့ Raytheon ကုမ္ပဏီနဲ့ညှိနှိုင်းပြီး တနှစ်ကို ဒုံးကျည်အလုံးရေ ၁,၀၀၀ အထိ ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။
အကယ်လို့ စစ်ပွဲဟာ တခြားဒေသတွေအထိပါ ကူးစက်လာရင် အမေရိကန်အနေနဲ့ ရေရှည်တိုက်ခိုက်ဖို့ လက်နက်အခက်အခဲနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးနေကြပါတယ်။






