Border News Agency
အီရန်၊ မတ် ၂၉။
အီရန်နိုင်ငံရဲ့ရန်သူတွေဖြစ်တဲ့ အမေရိကန်နဲ့ အစ္စရေးတို့ကအီရန်ကို တိုက်ခိုက်ရာမှာ အိမ်နီးချင်းနိုင်ငံတွေရဲ့နယ်မြေကို အသုံးမခံကြဖို့ အီရန်သမ္မတ မာဆုဒ် ပီဇက်ရှ်ကီယန်က မတ်လ ၂၈ ရက်၊မနေ့ကသတိပေးလိုက်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။
အထူးသဖြင့်အမေရိကန် စစ်အခြေစိုက်စခန်းတွေ လက်ခံထားတဲ့ ဒေသတွင်းနိုင်ငံတွေအနေနဲ့ သူတို့ရဲ့မြေပေါ်ကနေ စစ်ပွဲကို ခွင့်မပြုကြဖို့လူမှုကွန်ရက်ကနေတဆင့် ပြောကြားခဲ့တာပါ။
သမ္မတပီဇက်ရှ်ကီယန်က “ကျွန်တော်တို့က အရင်ဦးအောင်တိုက်ခိုက်မှာမဟုတ်ဘူးလို့ အကြိမ်ကြိမ်ပြောခဲ့ပြီးပါပြီ။ဒါပေမဲ့ ကျွန်တော်တို့ရဲ့အခြေခံအဆောက်အအုံတွေနဲ့ စီးပွားရေးအချက်အချာနေရာတွေ အတိုက်ခံရရင်တော့ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမှာပါ။” လို့ဆိုပါတယ်။
ဒါ့အပြင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးနဲ့ လုံခြုံရေးကိုလိုလားတယ်ဆိုရင် ရန်သူတွေကို နယ်မြေအသုံးမပေးဖို့လည်း သူက တိုက်တွန်းထားပါတယ်။
အခုလို သတိပေးချက်တွေ ထွက်ပေါ်နေချိန်မှာပဲ ကူဝိတ်၊အဘူဒါဘီနဲ့ ဒူဘိုင်းတို့မှာ ဒရုန်းနဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ရေဒါစနစ်တွေနဲ့ အဆောက်အအုံတချို့ ပျက်စီးခဲ့ပါတယ်။
အီရန်စစ်တပ်ကတော့ ဒူဘိုင်းက ယူကရိန်း ဒရုန်းရန်ကာကွယ်ရေးစနစ် ဂိုဒေါင်တခုကို သူတို့ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ ကြေညာထားသလို အိုမန်ပင်လယ်ပြင်က အမေရိကန် ထောက်ပံ့ရေးသင်္ဘောတစီးကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်အဓိပတိ ခါမေနီ သေဆုံးခဲ့ပြီးနောက်ပိုင်း စစ်ပွဲဟာ တလကြာမြင့်လာပြီဖြစ်ပေမယ့် ရပ်တန့်မယ့် အရိပ်အယောင် မရှိသေးပါဘူး။
ဆော်ဒီအာရေးဗီးယားရှိ အမေရိကန် စစ်အခြေစိုက်စခန်းတခု မတ်လ ၂၇ ရက်နေ့ကအတိုက်ခံရတာကြောင့် အမေရိကန်စစ်သား ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။






