Border News Agency
ကလေး၊ မတ် ၃၀။
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့နဲ့ တော်လှန်ရေး အမြန်ဆုံးအောင်မြင်ဖို့အတွက် ကလေး၊ကဘော်၊ ဂန့်ဂေါဒေသက အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းကြဖို့ Chinland Defense Force (CDF-KKG) က မတ်လ ၂၉ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။
CDF-KKG ရဲ့ ဒုတိယအကြိမ် အထွေထွေညီလာခံကို မတ်လ ၁၁ ရက်ကနေ ၁၃ ရက်နေ့အထိ ထိန်းချုပ်နယ်မြေတနေရာမှာ ပြုလုပ်ခဲ့တာပါ။
အဲဒီညီလာခံကို တပ်ရင်း ၇ ရင်းက ကိုယ်စားလှယ်တွေနဲ့ လူထုကိုယ်စားလှယ် ၁၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
အဲဒီညီလာခံအတွင်းမှာ CDF-KKG ရဲ့ အခြေခံဥပဒေကို ပြင်ဆင်တာ၊တာဝန်ထမ်းဆောင်မယ့် ဗဟိုကော်မတီဝင်သစ်တွေကို ရွေးချယ်တာနဲ့ ရှေ့လုပ်ငန်းစဉ် မူဝါဒသစ်တွေကို ချမှတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဓိကအချက်အနေနဲ့ တော်လှန်ရေးအင်အားစုတွေကြား ညီညွတ်မှုကိုပဲ လိုလားပြီး အချင်းချင်းကြား သဘောထားကွဲလွဲတာနဲ့ သွေးထွက်သံယိုဖြစ်တာတွေကို လုံးဝမလိုလားဘူးလို့ဆိုပါတယ်။
ဘုံရန်သူဖြစ်တဲ့ စစ်တပ်ကို တိုက်ဖျက်ဖို့အတွက် ဘယ်လိုတော်လှန်ရေးအဖွဲ့အစည်းနဲ့မဆို လက်တွဲဆောင်ရွက်ဖို့ အသင့်ရှိနေသလို အားလုံးစည်းလုံးကြဖို့လည်း တိုက်တွန်းထားပါတယ်။
ငါးနှစ်တာ နွေဦးတော်လှန်ရေးကာလအတွင်းမှာ CDF-KKG ကနေ တပ်ဖွဲ့ဝင် ၉၂ ဦး ကျဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၂၀၀ ကျော်အထိ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်ကော်မရှင်နပ်က အတုအယောင်ရွေးကောက်ပွဲနဲ့ တရားဝင်မှုရအောင် ကြိုးစားနေတာဟာ ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်နေတာကြောင့် သူတို့လုပ်သမျှဟာ တရားဝင်မှုမရှိဘူးလို့လည်းဆိုပါတယ်။






