Border News Agency
အီရန်၊ဧပြီ ၁။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ သတိပေးချက်တွေ ရှိနေတဲ့ကြားကပဲ အီရန်ဟာ မတ်လ ၃၁ ရက်မနက်အစောပိုင်းမှာ ဒူဘိုင်းကမ်းလွန်က ကူဝိတ်ရေနံတင်သင်္ဘောကြီးကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာဖော်ပြပါတယ်။
အဲဒီသင်္ဘောပေါ်မှာ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်တန်ဖိုးရှိတဲ့ ရေနံစိမ်းတွေ ပါရှိပြီး တိုက်ခိုက်မှုကြောင့် သင်္ဘောမှာ မီးလောင်ပျက်စီးမှုတွေ ရှိခဲ့ပေမဲ့ ကံကောင်းထောက်မစွာနဲ့ လူထိခိုက်မှုနဲ့ ရေနံယိုစိမ့်မှုတော့ မရှိခဲ့ဘူးလို့ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုသတင်းကြောင့် ကမ္ဘာ့ရေနံဈေးကွက်မှာ ရေနံစိမ်းတစည်ကို ၁၁၃ ဒေါ်လာအထိချက်ချင်းထိုးတက်သွားခဲ့ပြီး အမေရိကန်မှာလည်း ဓာတ်ဆီဈေးဟာ ၃ နှစ်အတွင်း အမြင့်ဆုံးစံချိန်ကို ရောက်ရှိသွားခဲ့တယ်လို့ဆိုပါတယ်။
သမ္မတ ဒေါ်နယ်ထရန့်ကတော့ အီရန်အနေနဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပေးဘူးဆိုရင် အီရန်ရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို အပြတ်အသတ် ချေမှုန်းပစ်မယ်လို့ ဧပြီလ ၆ ရက်နေ့ကို နောက်ဆုံးထားပြီး ထပ်မံသတိပေးထားပါတယ်။
အမေရိကန်က အရှေ့အလယ်ပိုင်းဒေသဆီ တပ်သားထောင်ပေါင်းများစွာ ထပ်မံစေလွှတ်လိုက်ပြီဖြစ်သလို အီရန်ဘက်ကလည်း ငြိမ်းချမ်းရေးကမ်းလှမ်းချက်တွေကို ပယ်ချထားတာကြောင့် ဒေသတွင်းစစ်မီးဟာ ပိုမိုပြင်းထန်လာမယ့် အခြေအနေမှာ ရှိနေပါတယ်။






