Border News Agency
အီရန်၊ ဧပြီ ၂။
အီရန်အစိုးရသစ်က အမေရိကန်ထံ အပစ်အခတ်ရပ်စဲရေး တောင်းဆိုလာတယ်ဆိုပြီး သမ္မတ ဒေါ်နယ်ထရန့်က လူမှုကွန်ရက်မှာ ရေးသားခဲ့တာကို အီရန်အဆင့်မြင့်အရာရှိတဦးက လုံးဝမဟုတ်မှန်ကြောင်း ပြန်လည်ငြင်းဆိုလိုက်ပါတယ်။
ထရန့်ကတော့ ကမ္ဘာ့ရေနံလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို အီရန်ဘက်က ပြန်မဖွင့်ပေးမချင်း အီရန်နိုင်ငံကို အစအနရှာမရအောင် ဆက်လက်ချေမှုန်းသွားမယ်လို့ ပြင်းပြင်းထန်ထန် ခြိမ်းခြောက်ထားပါတယ်။
လက်ရှိမှာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အီရန်နိုင်ငံအတွင်းက စာသင်ကျောင်းတွေ၊ဆေးရုံတွေနဲ့ လူနေအိမ်ခြေ ထောင်ပေါင်းများစွာ ပျက်စီးနေရပြီး အရပ်သားအခြေခံအဆောက်အအုံတွေ အပြင်းအထန် ထိခိုက်နေတယ်လို့ သိရပါတယ်။
ဒီစစ်ပွဲကြောင့် ကမ္ဘာ့လောင်စာဆီဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာမို့ အမေရိကန်ပြည်သူတွေကြားမှာ စစ်ပွဲကို ဆန့်ကျင်ကန့်ကွက်မှုတွေလည်း တိုးလာနေပါတယ်။
ဒါပေမယ့် ထရန့်ကတော့ စစ်ပွဲကို နောက်ထပ် ၂ ပတ် ဒါမှမဟုတ် ၃ ပတ်လောက်အတွင်း အဆုံးသတ်နိုင်မယ်လို့ ဆိုပါတယ်။
ထရန့်ဟာ ဧပြီလ ၁ ရက်၊ညနေ့ညပိုင်းမှာ အီရန်အရေးနဲ့ပတ်သက်ပြီး ထူးခြားတဲ့ထုတ်ပြန်ချက်တခုကို မိန့်ခွန်းပြောကြားဖို့ ရှိနေပေမယ့် အိမ်ဖြူတော်သတင်းရင်းမြစ်တွေအရစစ်ပွဲကို ချက်ချင်းရပ်တန့်မယ့်အစီအစဉ်မျိုး မဟုတ်ဘဲ စစ်ပွဲဆက်ဖြစ်နေဦးမယ့်အခြေအနေမျိုးပဲ ဖြစ်နိုင်တယ်လို့ သိရပါတယ်။






