Border News Agency
ထိုင်း၊ဧပြီ ၂။
ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင်၊ မယ်ဖာလောင်မြို့နယ်အတွင်းမှာ ဧပြီလ ၂ ရက်၊ ဒီနေ့မနက်ပိုင်းက ကင်းလှည့်နေတဲ့ ထိုင်းဖာမိူင်းစစ်ကြောင်းနဲ့ မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထိုင်းတော်ဝင်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အဲဒီမူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့အဖွဲ့နဲ့အပြန်အလှန် ပစ်ခတ်မှု ၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီးနောက် မူးယစ်မှောင်ခိုအဖွဲ့ဘက်က ၂ ဦး သေဆုံးခဲ့ကာ ကျန်ရှိသူတွေကတော့ တောထဲကို ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ဆိုပါတယ်။
အခင်းဖြစ်ပွားရာနေရာကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာမှာတော့ ဆာလာအိတ် ၁၀ အိတ်အတွင်း ထည့်သွင်းလာတဲ့ စိတ်ကြွဆေးပြား ၁,၇၀၀,၀၀၀ (၁၇ သိန်း) နဲ့ အိုက်စ်၂၀ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် သေဆုံးသူ ၂ ဦးရဲ့ ရုပ်အလောင်းတွေနဲ့အတူ လက်ကိုင်ဖုန်း ၃ လုံးကိုလည်း သိမ်းဆည်းရမိခဲ့ပြီး လက်ရှိမှာတော့ သက်ဆိုင်ရာရဲစခန်းကို လွှဲပြောင်းပေးအပ်ထားတယ်လို့ဆိုပါတယ်။
နယ်စပ်တလျှောက်မှာ အခုလို မူးယစ်ဆေးဝါးမှောင်ခိုကူးမှုတွေကို တားဆီးနိုင်ဖို့အတွက် ထိုင်းစစ်တပ်က လုံခြုံရေးတွေကို တိုးမြှင့်ချထားပြီး စစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။














