Border News Agency
ပေါက်တော၊ဧပြီ ၃။
ပေါက်တောမြို့နဲ့ ကျောက်တော်မြို့နယ်တွေမှာ ဆရာဝန်မဟုတ်ဘဲဆရာဝန်အယောင်ဆောင်ကာ ဆေးခန်းဖွင့်လှစ်ကုသနေသူ နှစ်ဦးကို အာရက္ခပြည်သူ့အစိုးရက ဧပြီ ၂ ရက်နေ့မှာ ဖော်ထုတ်အရေးယူလိုက်ပါတယ်။
အဲဒီအရေးယူခံရသူတွေဟာ ပေါက်တောမြို့က ငြိမ်းဆေးခန်းပိုင်ရှင် ဦးမောင်သန်းဦးနဲ့ ကျောက်တော်မြို့နယ်၊ သာစည်ရွာက ရွှေနဒီဆေးခန်းပိုင်ရှင် ဦးမြတ်မင်းသူတို့ ဖြစ်ကြပါတယ်။
သူတို့နှစ်ဦးဟာ ဆရာဝန်မဟုတ်ဘဲ ပြည်သူတွေကို လိမ်လည်လှည့်ဖြားကာ ဆေးကုသမှုတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ တိုင်ကြားချက်အရ သက်ဆိုင်ရာဌာနတွေက ပူးပေါင်းစုံစမ်းစစ်ဆေးခဲ့တာပါ။
အဲဒီစစ်ဆေးမှုတွေအရ ဟုတ်မှန်ကြောင်း တွေ့ရှိရတာကြောင့် တရားမဝင်ဖွင့်လှစ်ထားတဲ့ ဆေးခန်းတွေကို ချက်ချင်းပိတ်သိမ်းခိုင်းလိုက်ပြီး နောက်နောင် ဒါမျိုးထပ်မလုပ်ဖို့ ကတိခံဝန်ချက် လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ဆိုပါတယ်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာန (AHD) အနေနဲ့ ပြည်သူတွေရဲ့ကျန်းမာရေး ဘေးအန္တရာယ်ကင်းရှင်းဖို့အတွက် ဆရာဝန်အတုတွေကို ဆက်လက်ကြပ်မတ်သွားမှာဖြစ်ပြီး တရားဝင်ဆရာဝန်တွေဆီမှာပဲ ကုသမှုခံယူဖို့ တိုက်တွန်းထားပါတယ်။









