Border News Agency
ဝါရှင်တန်၊ ဧပြီ ၅။
အီရန်စစ်ပွဲအတွင်း အမေရိကန်စစ်တပ်ဟာ သူတို့ရဲ့အဆင့်မြင့်ဆုံး ကိုယ်ပျောက်ဒုံးကျည် (AGM-158 JASSM-ER) တွေကို အလွန်အကျွံအသုံးပြုခဲ့တာကြောင့် လက်ရှိမှာကမ္ဘာတစ်ဝှမ်းက လက်နက်တိုက်တွေထဲမှာ ပြတ်လပ်လုနီးပါး ဖြစ်နေပြီလို့ Bloomberg သတင်းဌာနက ဖော်ပြပါတယ်။
တလုံးကို ဒေါ်လာ ၂.၄ သန်း (မြန်မာငွေ သိန်း ၈,၀၀၀ ကျော်) တန်ကြေးရှိတဲ့ဒီဒုံးကျည်တွေဟာ ရေဒါမှာမပေါ်ဘဲ ကီလိုမီတာ ၉၀၀ ကျော်အကွာကနေ ပစ်မှတ်ကို တိတိကျကျဖျက်ဆီးနိုင်တာပါ။
စစ်ပွဲပထမတလအတွင်းမှာတင် အလုံးပေါင်း ၁,၀၀၀ ကျော် ပစ်ခတ်ခဲ့တာကြောင့် အရင်ကရှိထားတဲ့ ၂,၃၀၀ ထဲကနေ အခုဆိုရင် ၄၂၅ လုံးပဲ ကျန်ပါတော့တယ်။
အီရန်ရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေက အရမ်းခေတ်မီတာကြောင့် အမေရိကန်ဟာရိုးရိုးဗုံးတွေ၊ ဒုံးကျည်ဟောင်းတွေသုံးလို့မရဘဲ ဒီအဆင့်မြင့်ဒုံးကျည်တွေကိုပဲ အဓိကအားကိုးပြီး ပစ်ခတ်နေရတာဖြစ်ပါတယ်။
အဲဒီလိုဒုံးကျည်တွေပြတ်လပ်လာတာဟာ အာရှ-ပစိဖိတ်အပါအဝင် တခြားဒေသနဲ့ဆက်နွှယ်နေတဲ့အခြေအနေတွေကို ထိန်းချုပ်ဖို့အတွက်ပါအခက်အခဲ ဖြစ်လာနိုင်ပါတယ်။
လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ (Lockheed Martin) အနေနဲ့လည်း ဒီဒုံးကျည်တွေကို တနှစ်မှာအလုံး ၆၀၀ ထက် ပိုမထုတ်နိုင်တာကြောင့် လက်နက်တိုက်ထဲပြန်ဖြည့်ဖို့ နှစ်နဲ့ချီကြာဦးမှာပါ။
အခုလိုအမေရိကန်ရဲ့ လက်နက်အင်အားလျော့နည်းလာမှုအပေါ် လွှတ်တော်အတွင်းမှာပါစိုးရိမ်မှုတွေရှိနေပြီး တခြားဒေသတွေမှာပါစစ်ပွဲတွေထပ်ဖြစ်လာရင် အမေရိကန်ရဲ့ စစ်ရေးအသင့်ဖြစ်မှုကို ထိခိုက်နိုင်တယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက ထောက်ပြထားပါတယ်။






