Border News Agency
ဂျေရုဆလင်၊ ဧပြီ ၆ ။
အီရန်နိုင်ငံအတွင်းပိတ်မိနေတဲ့ အမေရိကန်လေသူရဲကို ရဲရဲဝံ့ဝံ့ကယ်ထုတ်နိုင်ခဲ့တဲ့ စစ်ဆင်ရေးအောင်မြင်မှုအတွက် အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက သမ္မတထရန့်ထံ ဂုဏ်ပြုစကား ပြောကြားလိုက်ပါတယ်။
ဒီကယ်ဆယ်ရေးဟာ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတွေအနေနဲ့ သတ္တိရှိရှိ စုစည်းရင် ဘယ်လိုအခက်အခဲကိုမဆို ကျော်လွှားနိုင်ပြီး အကြမ်းဖက်အင်အားစုတွေကို အနိုင်ယူနိုင်တယ်ဆိုတာ သက်သေပြလိုက်တာလို့ သူကဆိုပါတယ်။
”ဘယ်သူ့ကိုမှ နောက်ချန်မထားခဲ့ရဘူး” ဆိုတဲ့ မွန်မြတ်တဲ့စစ်သည်တော်ကျင့်ဝတ်ဟာ အမေရိကန်နဲ့အစ္စရေး နှစ်နိုင်ငံလုံးရဲ့ သမိုင်းတလျှောက်လက်ကိုင်ထားတဲ့ တူညီတဲ့တန်ဖိုးထားမှုဖြစ်တယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
နေတန်ယာဟုကိုယ်တိုင်ဟာလည်း အတိတ်က ကယ်ဆယ်ရေးစစ်ဆင်ရေးတခုမှာ ဒဏ်ရာရခဲ့ဖူးသလို သူ့အစ်ကိုဖြစ်သူကိုလည်း ဆုံးရှုံးခဲ့ဖူးတာကြောင့် အခုလို စစ်ဆင်ရေးအတွက် ဆုံးဖြတ်ချက်ချရတာ ဘယ်လောက်ခက်ခဲကြောင်း သူနားလည်တယ်လို့ ဆိုပါတယ်။
နောက်ဆုံးမှာတော့ သမ္မတထရန့်ရဲ့ ပြတ်သားတဲ့ ဦးဆောင်မှုဟာအမေရိကန်အတွက် နောက်ထပ်အောင်ပွဲကြီးတခုကို ယူဆောင်လာပေးတာဖြစ်လို့ အစ္စရေးပြည်သူတွေကိုယ်စား အလေးပြုကြောင်း ပြောကြားခဲ့ပါတယ်။






