Border News Agency
ဝါရှင်တန်၊ ဧပြီ ၈ ။
အမေရိကန်တပ်ဖွဲ့တွေဟာ အီရန်နိုင်ငံ ခါ့ဂ်ကျွန်းပေါ်ရှိ စစ်ရေးပစ်မှတ် ဒါဇင်ပေါင်းများစွာကို ဧပြီလ ၆ ရက်၊ညပိုင်းက လေကြောင်းကနေဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် အဆင့်မြင့်အရာရှိတဦးက အတည်ပြုပါတယ်။
ဒီတိုက်ခိုက်မှုဟာ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ဖို့ သမ္မတ ထရမ့်ရဲ့ သတိပေးချက်အပြီး ထွက်ပေါ်လာတာဖြစ်ပြီး အီရန်နိုင်ငံအတွင်းရှိ ကာရာ့ဂျ်နဲ့ ရှာရီယာမြို့တွေမှာလည်း ပေါက်ကွဲမှုတွေကြောင့် လူအသေအပျောက်ရှိနေပါတယ်။
တဖက်မှာတော့ အမေရိကန်နဲ့ အီရန်တို့ကြား တိုက်ရိုက်ထိတွေ့ ဆွေးနွေးမှုတွေ ရှိနေပြီး အခြေအနေတွေဟာ အပြုသဘောဆောင်တာကြောင့်ရလဒ်ကောင်းတစ်ခု ထွက်လာနိုင်တယ်လို့ အမေရိကန်အရာရှိက Fox News ကို ပြောကြားထားပါတယ်။
သမ္မတ ထရမ့်ကတော့ အီရန်အနေနဲ့ သဘောတူညီမှုမရရင် ယဉ်ကျေးမှုတခုလုံး ပျက်သုဉ်းသွားလိမ့်မယ် လို့ ထပ်မံသတိပေးထားပြီး အီရန်ရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ တံတားတွေကို ဖျက်ဆီးဖို့ အသင့်ပြင်ထားပါတယ်။
ကုလသမဂ္ဂနဲ့ အမေရိကန် ဒီမိုကရက်တစ် အမတ်အချို့ကတော့ အရပ်ဘက်အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှု မြောက်နိုင်တယ်လို့ ထောက်ပြဝေဖန်နေကြပါတယ်။






