Border News Agency
ရန်ကုန်၊ ဧပြီ ၈။
နိုင်ငံတကာရဲ့ဒဏ်ခတ်ပိတ်ဆို့မှုကနေ ကင်းလွတ်နေတဲ့ မင်းအောင်လှိုင်ရဲ့ ချွေးမဖြစ်သူမျိုးရတနာထိုက်ကို အရေးယူပိတ်ဆို့ဖို့ Justice For Myanmar (JFM) က တောင်းဆိုလိုက်ပါတယ်။
မျိုးရတနာထိုက်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဒေါ်လာ ၃ သန်းနီးပါး တန်ဖိုးရှိတဲ့ ဇိမ်ခံအိမ်ရာတခုကို ဝယ်ယူထားပြီး စစ်ခေါင်းဆောင်မိသားစုရဲ့ ငွေကြေးခဝါချမှုတွေအတွက် အမည်ခံအသုံးပြုခံနေရတယ်လို့ JFM က ထောက်ပြထားတာပါ။
အဲဒီဇိမ်ခံအိမ်ရာကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီတခုကနေတဆင့် မင်းအောင်လှိုင်မိသားစု ကြိုးကိုင်ထားတဲ့ Emerald Princess ကုမ္ပဏီဆီ လွှဲပြောင်းပေးအပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
မျိုးရတနာထိုက်ဟာ အခုထက်ထိ ဘယ်နိုင်ငံရဲ့ ပိတ်ဆို့မှုကိုမှ မခံရသေးတာကြောင့် စစ်ခေါင်းဆောင်မိသားစုအတွက် ငွေကြေးစီးဆင်းရာ ဂယ်ပေါက်တခု ဖြစ်နေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် အမေရိကန်၊ ယူကေနဲ့ အီးယူ အပါအဝင် နိုင်ငံတကာအနေနဲ့ စစ်အုပ်စုရဲ့ ငွေကြေးယန္တရားကို ဖြတ်တောက်နိုင်ဖို့ မျိုးရတနာထိုက်ကိုပါ ပိတ်ဆို့မှုစာရင်းမှာ ထည့်သွင်းဖို့ တိုက်တွန်းထားပါတယ်။






