Border News Agency
တဟီရန်၊ ဧပြီ ၈။
အမေရိကန်နဲ့အီရန်ကြား နှစ်ပတ်ကြာအပစ်အခတ်ရပ်စဲဖို့ သဘောတူညီမှုရရှိခဲ့ပြီး လာမယ့် ဧပြီလ ၁၀ ရက်နေ့မှာ ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ္မာဘတ်မြို့မှာ တွေ့ဆုံဆွေးနွေးသွားမယ်လို့ အီရန်အမျိုးသားလုံခြုံရေးကောင်စီက အတည်ပြုလိုက်ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ အီရန်ဘက်က အချက် ၁၀ ချက်ပါအဆိုပြုချက်ကိုတင်သွင်းမှာဖြစ်ပြီး ဟော်မုဇ်ရေလက်ကြားအပေါ် အီရန်ရဲ့လွှမ်းမိုးမှုကို အသိအမှတ်ပြုဖို့နဲ့ အမေရိကန်တပ်တွေ အရှေ့အလယ်ပိုင်းကရုပ်သိမ်းပေးဖို့ စတဲ့အချက်တွေပါဝင်နေတာပါ။
ဒါ့အပြင် အီရန်အပေါ်ချမှတ်ထားတဲ့ပိတ်ဆို့မှုအားလုံးရုပ်သိမ်းပေးဖို့နဲ့ စစ်ပွဲကြောင့်ပျက်စီးဆုံးရှုံးမှုတွေအတွက် လျော်ကြေးပေးဖို့ကိုလည်း အီရန်ဘက်က တောင်းဆိုထားပါတယ်။
အမေရိကန်သမ္မတထရမ့်ကတော့ ပါကစ္စတန်အစိုးရနဲ့ဆွေးနွေးပြီးနောက် အီရန်ကိုတိုက်ခိုက်မှုတွေ ဆိုင်းငံ့ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒီသဘောတူညီချက်ရဖို့ တရုတ်က ကူညီခဲ့တယ်လို့ယုံကြည်ကြောင်းပြောဆိုထားပါတယ်။
အီရန်ဘက်ကဒီဆွေးနွေးပွဲကာလအတွင်း ရန်သူ့ဘက်ကအမှားအယွင်းတခုခုလုပ်လိုက်တာနဲ့ အင်အားအပြည့်နဲ့ပြန်လည်တုံ့ပြန်ဖို့ အသင့်ရှိနေတယ်လို့ ထပ်လောင်းသတိပေးထားပါတယ်။






