Border News Agency
မန္တလေး၊ ဧပြီ ၈ ။
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချနေတဲ့ လင်မယားနှစ်ဦးကိုဖမ်းဆီးရမိခဲ့ပြီး သူတို့ရဲ့နေအိမ်ကနေ ငွေကျပ် ၁၅ ဘီလီယံကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကော်မရှင်ကထုတ်ပြန်ပါတယ်။
အဲဒီပြည်ကြီးတံခွန်မြို့နယ်မှာ ဧပြီ ၆ ရက်နေ့က အောင်ကျော်စိုးနဲ့ဇနီးဖြစ်သူ သူဇာသန်းတို့ကို အရင်ဆုံးဖမ်းဆီးရမိခဲ့တာဖြစ်ပြီး အမရပူရမြို့နယ်က သူတို့ရဲ့နေအိမ်ကို ဆက်လက်ရှာဖွေရာမှာ အခုလိုအမြောက်အမြားတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
အဲဒီသိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေထဲမှာ စိတ်ကြွဆေးပြား ၉၉ သိန်းကျော်နဲ့ ဘိန်းဖြူ ၅ ဒသမ ၅ ကီလိုဂရမ်တို့ ပါဝင်ပြီး စုစုပေါင်းကာလတန်ဖိုး ကျပ် ၁၅ ဘီလီယံကျော် ရှိတယ်လို့ ဆိုပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေကို ရှမ်းမြောက်၊ကွတ်ခိုင်မြို့က အိုက်ချွမ်ဆိုသူကပို့ဆောင်ပေးခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိသူလင်မယားက မန္တလေးမြို့အတွင်း ပြန်လည်ဖြန့်ဖြူးပေးနေတာလို့ဆိုပါတယ်။
အဲဒီဖမ်းဆီးရမိသူတွေကို ဥပဒေအရထိရောက်စွာအရေးယူထားပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ အိုက်ချွမ်နဲ့ကျန်ရှိနေတဲ့ ဆက်စပ်တရားခံတွေကိုလည်း ဆက်လက်ဖော်ထုတ်နေတယ်လို့ဆိုပါတယ်။






