Border News Agency
အစ္စလာမ္မာဘတ်၊ ဧပြီ ၁၂ ။
ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ္မာဘတ်မြို့မှာ ၂၁ နာရီကြာအချိန်ယူဆွေးနွေးခဲ့တဲ့ အမေရိကန်နဲ့ အီရန်တို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ သဘောတူညီမှုတစုံတရာမရရှိဘဲ ပြီးဆုံးသွားတယ်လို့ အမေရိကန်ဒုသမ္မတဂျေဒီဗန့်စ် (J.D. Vance) က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အမေရိကန်ဘက်က အီရန်ကို နောက်ဆုံးနဲ့အကောင်းဆုံး ကမ်းလှမ်းချက်တခုပေးအပ်ခဲ့ပြီး အဲဒီအချက်အလက်တွေကို အီရန်ဘက်ကလက်ခံမလားဆိုတာ စောင့်ကြည့်သွားမယ်လို့ ဒုသမ္မတကဆိုပါတယ်။
ဆွေးနွေးပွဲမှာ အဓိကအငြင်းပွားဖွယ်ဖြစ်ခဲ့တာကတော့ အီရန်အနေနဲ့ နျူကလီးယားလက်နက်ထုတ်လုပ်တာမျိုးမလုပ်ဆောင်ဖို့ ရေရှည်ခိုင်မာတဲ့ ကတိကဝတ်ပေးရန် အမေရိကန်ကတောင်းဆိုခဲ့တာဖြစ်ပြီး အီရန်ဘက်ကတော့လက်ခံတာမရှိသေးဘူးလို့သိရပါတယ်။
အဲဒီဆွေးနွေးပွဲအတွင်း အီရန်ရဲ့ပိတ်ဆို့ခံထားရတဲ့ ရန်ပုံငွေတွေအကြောင်းပါ ထည့်သွင်းဆွေးနွေးခဲ့ကြပေမယ့် တိုးတက်မှုမရှိခဲ့ဘဲအခုရလဒ်ဟာ အမေရိကန်ထက်အီရန်အတွက် ပိုမိုဆိုးရွားတဲ့သတင်းဖြစ်နိုင်တယ်လို့ ဂျေဒီဗန့်စ်ကမှတ်ချက်ပေးပါတယ်။
လက်ရှိမှာတော့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ အစ္စလာမ္မာဘတ်ကနေထွက်ခွာသွားပြီဖြစ်ပြီး အီရန်ဘက်က အမေရိကန်ရဲ့နောက်ဆုံးကမ်းလှမ်းချက်အပေါ် ဘယ်လိုတုံ့ပြန်မလဲဆိုတာကို ကမ္ဘာ့နိုင်ငံတွေကစောင့်ကြည့်နေကြပါတယ်။






