Border News Agency
ဖလော်ရီဒါ၊ ဧပြီ ၁၂ ။
အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ် (IRGC) ကချထားတဲ့ ပင်လယ်ရေအောက်မိုင်းတွေကို ရှင်းလင်းဖို့အတွက် အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ်က ဟော်မုဇ်ရေလက်ကြားအတွင်းမှာ ဧပြီလ ၁၁ ရက်၊မနေ့ကကစပြီး စစ်ဆင်ရေး စတင်လိုက်ပါတယ်။
အဲဒီစစ်ဆင်ရေးမှာ အမေရိကန်ရေတပ်ရဲ့ ပဲ့ထိန်းဒုံးကျည်တင်ဖျက်သင်္ဘော ၂ စီးဖြစ်တဲ့ USS Frank E. Peterson နဲ့ USS Michael Murphy တို့က ရေလက်ကြားအတွင်းဖြတ်သန်းကာ ပါးရှန်းပင်လယ်ကွေ့ထဲမှာ စတင်လှုပ်ရှားနေပြီ ဖြစ်ပါတယ်။
ကုန်သွယ်မှုတွေ လွတ်လပ်စွာပြန်လည်စီးဆင်းနိုင်ဖို့အတွက် ရေကြောင်းလမ်းသစ်တခုဖော်ဆောင်နေတာဖြစ်ပြီး အဲဒီဘေးကင်းတဲ့လမ်းကြောင်းကို မကြာခင်မှာကမ္ဘာ့ရေကြောင်းလိုင်းတွေကို အသိပေးသွားမယ်လို့ CENTCOM အကြီးအကဲ Adm. Brad Cooper က ဆိုပါတယ်။
ဟော်မုဇ်ရေလက်ကြားဟာ နိုင်ငံတကာရေလမ်းကြောင်းဖြစ်သလို ကမ္ဘာ့စီးပွားရေးအတွက် အရေးပါတဲ့ကုန်သွယ်ရေးစင်္ကြံဖြစ်တာကြောင့် အခုလို ဘေးကင်းအောင်လုပ်ဆောင်ရတာဖြစ်တယ်လို့ အမေရိကန်ဘက်ကအခိုင်အမာပြောဆိုထားပါတယ်။
လာမယ့်ရက်ပိုင်းအတွင်းမှာတော့ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ ပိုမိုထိရောက်စေဖို့အတွက် ရေအောက်ဒရုန်းတွေအပါအဝင် အမေရိကန်ရဲ့ အပိုဆောင်းစစ်အင်အားတွေ ထပ်မံပူးပေါင်းလာမှာဖြစ်တယ်လို့ သိရပါတယ်။






