Border News Agency
စစ်ကိုင်း၊ ဇူလိုင် ၁၁။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် လင်းတလူးကျေးရွာမှာ ဇူလိုင်လ ၁၁ ရက်၊မနက် ၁ နာရီအချိန်ခန့်က စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ ကလေး၊ လူကြီး စစ်ဘေးရှောင် ၃၀ ခန့်သေဆုံးသွားတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ ဦးနေဘုန်းလတ်က သူ့ရဲ့ လူမှုကွန်ရက်ကနေတစ်ဆင့် ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်က စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို နှစ်ကြိမ် ဗုံးကြဲခဲ့တာဖြစ်ပြီး နောက်ထပ်သေဆုံးသူတွေလည်း ထပ်ရှိနိုင်သလို ဒဏ်ရာရသူတွေလည်း များပြားနိုင်တယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။