Border News Agency
မန္တလေး၊ ဇူလိုင် ၂၁
ဧရာဝတီမြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘောအုပ်စုထဲက တစ်စီးကို ဇူလိုင်လ ၁၇ ရက်နေ့က နစ်မြုပ်တဲ့အထိတိုက်ခိုက်နိုင်ခဲ့ကြောင်း မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY PDF) က ဇူလိုင်လ ၂၀ ရက်နေ့က ထုတ်ပြန်ပါတယ်။
အဲဒီသင်္ဘောအုပ်စုမှာ စစ်သင်္ဘော ငါးစီးနဲ့ တွဲတွန်းသင်္ဘောကိုးစီး၊ စုစုပေါင်း ၁၄ စီးပါဝင်ပြီး ဇူလိုင်လ ၁၇ ရက်နေ့က မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဆန်တက်လာရာမှာ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ ဖြတ်တောက်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
နစ်မြှုပ်သွားတဲ့ သင်္ဘောဟာ လက်နက်ခဲယမ်းနဲ့ ရိက္ခတွေတင်ဆောင်လာတဲ့ တွဲတွန်းသင်္ဘောဖြစ်ပြီး နောက်ထပ် စစ်သင်္ဘောတစ်စီးနဲ့ အခြားတွန်းသင်္ဘောတစ်စီးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်သင်္ဘောအုပ်စုအတွက် စစ်ကောင်စီတပ်က မြစ်ကြောင်းတစ်လျှောက် ဂျက်တိုက်လေယာဉ်တွေနဲ့ လုံခြုံရေးယူပြီး ဗုံးကြဲတာတွေရှိနေတဲ့ကြားက အခုလိုတိုက်ခိုက်နိုင်ခဲ့တာလို့လည်းဆိုပါတယ်။
ဒါနဲ့ပတ်သက်လို စစ်ကောင်စီဖက်က တရားဝင်ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။