Border News Agency
မြောက်ဦး၊ဇူလိုင် ၂၉။
အာရက္ခပြည်က ပညာသင်ယူမယ့် လူငယ်တွေအတွက် အင်တာနက်ဝန်ဆောင်မှုပေးဖို့လိုအပ်နေတယ်လို့ လူငယ်တွေနဲ့ ပြည်သူတွေကဆိုကြပါတယ်။
စစ်ကောင်စီက ဖုန်းလိုင်း၊ မိုင်ဘိုင်းအင်တာနက်လိုင်းပိတ်ထားတဲ့ အာရက္ခပြည်မှာ ဂြိုလ်တုအင်တာနက်အသုံးပြု ခွင့်ကိုလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပိတ်ပင်ထားတယ်လို့ ပြည်သူတွေကဆိုကြပါတယ်။
အဲဒါကြောင့် လူငယ်တွေမှာ သင်ယူလေ့လာစရာနဲ့ အလုပ်အကိုင်အခွင့်အလမ်းများစွာဆုံးရှုံးနေရတာမို့ လူငယ်တွေအတွက် အင်တာနက်စီစဉ်ပေးဖို့ လိုအပ်တယ်လို့ ပြည်သူတွေကဆိုကြပါတယ်။
“လိုင်းပေါ်ကသင်တန်းတွေလည်းတက်လို့မရတော့ဘူး။အလုပ်လုပ်မယ်ဆိုလည်း အဆင်မပြေတော့ဘူး။ခုကအင်တာနက်ပေးနေတာကနာရီပိုင်းအကန့်အသတ်နဲ့ပဲ သုံးနေကြရတာ၊စျေးကလည်းကြီးတယ်ဆိုတော့ အချိန်ပြည့်သုံးဖို့မတတ်နိုင်ဘူးလေဘယ်သူမှ” လို့ မင်းပြားမြို့နယ်မှ လူငယ်တဦးက Border News Agency ကိုပြောပါတယ်။
အာရက္ခပြည်တခုလုံးမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတာဖြစ်ပြီး အာရက္ခပြည်သူ့အစိုးရဌာနဆိုင်ရာတွေနဲ့စစ်ဘက်ဆိုင်ရာအရှိတွေကတော့ ဂြိုလ်တုအင်တာနက်စတားလင့်တွေနဲ့အင်တာနက်အသုံးပြုနေကြပေမယ့် ပြည်သူတွေကတော့ အင်တာနက်အပြည့်အ၀သုံးစွဲခွင့်မရကြပါဘူးလို့ ဆိုကြပါတယ်။
အာရက္ခပြည်သူ့အစိုးရရဲ့ နည်းပညာဌာနက အရပ်သားပြည်သူတွေအတွက် အင်တာနက်အသုံးပြုနိုင်တဲ့ ပြည်သူ့ဝန်ဆောင်မှုနေရာတွေဖွင့်လှစ်ပေးထားပေမယ့် အသုံးပြုနိုင်တဲ့နေရာနည်းပါးတာ၊စျေးနှုန်းကြီးမြင့်တာတို့ကြောင့် ပြည်သူတိုင်း အင်တာနက်မသုံးနိုင်ကြဘူးလို့ ဆိုကြပါတယ်။
အဲဒါကြောင့် ပညာတပိုင်းတစနဲ့တက္ကသိုလ်ဆက်တက်ခွင့်မရတဲ့လူငယ်တွေ၊ အွန်လိုင်းကတဆင့် အလုပ်လုပ်ကြရတဲ့ လူငယ်တွေ၊အွန်လိုင်းကနေ ကျောင်းတက်နေကြတဲ့လူငယ်တွေဟာ ပညာရေးတက်လှမ်းပြတ်တောက်သွားခဲ့ရပြီး အလုပ်အကိုင်အခွင့်အလှမ်းတွေလည်း ပျောက်သွားခဲ့ရတယ်လို့ လူငယ်တွေကဆိုကြပါတယ်။
အာရက္ခပြည်သူ့အစိုးရရဲ့ နည်းပညာဌာနဟာ ပြည်သူ့၀န်ဆောင်မှုအပြင် ငွေလွှဲငွေထုတ်လုပ်ငန်းလုပ်ကိုင်သူတွေ၊နိုင်ငံတကာနဲ့၊ပြည်တွင်းကူညီရေးအဖွဲ့(INGO, NGO)တွေကိုလည်း အခကြေးငွေတောင်းပြီး အင်တာနက်အသုံးပြုခွင့်ပေးထားတယ်လို့ ပြည်သူတွေကဆိုကြပါတယ်။
အဲဒီလိုမျိုး ပညာသင်ကြားလိုတဲ့၊အွန်လိုင်းကနေ အလုပ်လုပ်လိုတဲ့လူငယ်တွေအတွက်လည်းသက်သာအဆင်ပြေစေတဲ့ နှုန်းထားနဲ့အင်တာနက် အသုံးပြုခွင့်ပေးသင့်တယ်လို့ လူငယ်တွေက ဆိုကြပါတယ်။
“လူငယ်တွေနဲ့ပဲ တိုင်းပြည်ကို တည်ဆောက်ရမှာမဟုတ်လား၊လူငယ်တွေအတွက် သီးသန့်နေရာတစ်ခုလုပ်ပေးသင့်တယ်။မဟုတ်ရင်လူငယ်တွေမှာ အခက်အခဲအများကြီး၊မျက်စိပွင့် နားပွင့်ဖြစ်ဖို့လိုတယ်။” လို့ ကျောက်တော်မြို့နယ်မှ လူငယ်တစ်ဦးက Border News Agency ကိုပြောပါတယ်။
အာရက္ခပြည်အတွင်း ပြည်သူတွေကို အင်တာနက်ဝန်ဆောင်မှုပေးတဲ့နေရာ ဆယ်ခုဝန်းကျင်သာရှိပြီး တစ်နာရီကို နှစ်ထောင်ကျပ်ပေးသုံးနေကြရတာဖြစ်ပါတယ်။
ဒါပေမယ့် ပြည်သူတွေကို ကိုယ်ပိုင်စတားလင့် ဝယ်သုံးခွင့်ပေးတာမျိုး၊ အများသုံးနိုင်တဲ့ စျေးနှုန်းတစ်ခု လျော့ချပေးတာမျိုးတော့ မရှိသေးဘူးလို့ ဆိုကြပါတယ်။
“နည်းပညာဌာနကတော့ လုံခြုံရေးအကြောင်းပြတာပေ့ါ။ဒါပေမယ့် ခုလည်း လုံခြုံရေးစိုးရိမ်စရာရှိတာပဲလေ။အင်တာနက်ကို သုံးခွင့်ရနေကြတာပဲ။အကုန်သုံးနိုင်အောင်စီစဉ်ပေးဖို့လိုပါတယ်။မဟုတ်ရင် လူငယ်တွေအကုန်လုံး လမ်းပျောက်သွားမှာ။ အရင်လိုပြည်မဘက်ကိုကျောင်းသွားတက်ဖို့ သင်တန်းသွားဖို့တက်လည်း မလွယ်ဘူး။” လို့ နိုင်ငံတကာကူညီရေးအဖွဲ့တခုမှာ အလုပ်လုပ်နေတဲ့ အာရက္ခလူငယ်တဦးက Border News Ageny ကိုပြောပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ အာရက္ခပြည်တွင်းမှာ တက္ကသိုလ်ဝင်တန်းအထိပညာသင်ကြားကာ စာမေးပွဲစစ်ပေးနေပြီး တက္ကသိုလ်နဲ့ကောလိပ်တွေတော့ ဖွင့်လှစ်နိုင်တာမရှိသေးပါဘူး။
“၁၂ တန်းအောင်တဲ့ကလေးတွေ ဘာဆက်သင်ရမလဲ။ဘာကိုလေ့လာရမလဲ မသိတော့တဲ့အခြေအနေ…” လို့ အထက်တန်းပြကျောင်းဆရာတဦးက Border News Agency ကိုပြောပါတယ်။
အဲဒါကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ လူငယ်တွေရဲ့ ပညာရေးအတွက် အင်တာနက်အသုံးပြုခွင့် ကို ကန့်သတ်ထားမဘဲ ဖြေလျော့ပေးသင့်တယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပြည်သူတွေက ထောက်ပြကြပါတယ်။
အာရက္ခပြည်မှာ ပြီးခဲ့တဲ့အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက် ၂၀၁၉၊၂၀၂၀ ကလည်း လုံခြုုံရေးအကြောင်းပြကာ အင်တာနက်ကို လပေါင်းများစွာကြာဖြတ်တောက်ထားခဲ့ပါတယ်။
အဲဒီတုန်းကတော့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ၊ကျောင်းသားလူငယ်တွေက အင်တာနက်ပြန်ဖွင့်ပေးဖို့ ဆန္ဒထုတ်ဖော်၊တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။






