Border News Agency
မိုးကုတ်၊သြဂုတ် ၂ ။
မိုးကုတ်မြို့အနောက်ပိုင်းတနေရာကို သြဂုတ်လ ၂ ရက်၊ဒီနေ့မနက် ၈ နာရီခွဲအချိန်ခန့်က စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဆယ်သေဆုံး၊ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီနေ့မနက် ၈ နာရီခွဲအချိန်ခန့်က မိုးကုတ်မြို့အနောက်ရှိ နေရာတချို့ကို လေကြောင်းတိုက်ခိုက်ခဲတာကြောင့် သေဆုံး၊ဒဏ်ရာရသူတွေအများအပြားရှိနေတယ်လို့ သိရပါတယ်။
အဲဒီမိုးကုတ်မြို့မှာ မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် သေဆုံး၊ဒဏ်ရာရမှုအခြေအနေကို အတိအကျမသိရသေးဘူးလို့ဒေသခံတွေကဆိုကြပါတယ်။
မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ဇူလိုင်လ ၂၉ ရက်၊ဒီနေ့မနက်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားလေးဦးသေဆုံးပြီးကိုးဦးဒဏ်ရာရသွားတယ်လို့ တအာင်းတပ်မတော်က ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ မိုးကုတ်မြို့၊မင်းတံတားရပ်ကွက်၊ရွှေဘုန်သာရပ်ကွက်နဲ့ BOC ကားကြီးကွင်းအနီးကို ပေါင် ၅၀၀ ဗုံးသုံးလုံး၊ပေါင် ၂၅၀ ဗုံး နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဗုံးပေါက်ကွဲလို့ အရပ်သားလေးဦးသေဆုံးပြီးကိုးဦးဒဏ်ရာရသွားသလို နေအိမ်ဆယ့်ရှစ်လုံးပျက်စီးသွားခဲ့ပါတယ်။
မိုးကုတ်မြို့ကိုပြီးခဲ့တဲ့ဇူလိုင်လ ၈ ရက်မှ ၂၆ နေ့ထိစစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။
အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်နှစ်ဦး၊ အမျိုးသားလေးဦးသေဆုံးသွားခဲ့ပြီးနှစ်ဆယ့်ရှစ်ဦးဒဏ်ရာရသွားသလို နေအိမ်နှစ်ဆယ့်လေးဆောင်ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်း၊ရွှေလိပ်ပြာဟိုတယ်ကို ဇူလိုင်လ ၂၆ ရက်နေ့ကစစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသားတဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီမိုးကုတ်မြို့၊ပန်မထိပ်ကျေးရွာကို ဇူလိုင်လ ၉ ရက်နေ့ကလည်းလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်နှစ်ဦးသေဆုံးပြီး ကလေးနှစ်ဦးအပါအဝင် ရှစ်ဦးဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့တွေကို လေကြောင်းတိုက်ခိုက်တာတွေ နေတိုင်းလိုလိုပြုလုပ်နေတာကြောင့် အရပ်သားသေဆုံး၊ဒဏ်ရာရသူတွေလည်း အများကြီးရှိလာနေပါတယ်။
အဲဒါကြောင့်စစ်ကောင်စီတပ်လေကြောင်းရန်ကိုရှောင်နိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို ပြည်သူတွေလိုက်နာကြဖို့လိုတယ်လို့ ဆိုပါတယ်။