Border News Agency
ပုဏ္ဏားကျွန်း၊ သြဂုတ် ၄။
ပုဏ္ဏားကျွန်းမြို့နယ်၊ စိုက်ပျိုးရေးခြံစစ်ဘေးရှောင်စခန်းကစစ်ဘေးရှောင်တွေ အရေပြားရောဂါဖြစ်ပွားနေတာမို့ ကျန်းမာရေးစောင့်ရှောက်မှုတွေလိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒီစစ်ဘေးရှောင်တရာခန့်ဟာ ဇွန်လနောက်ဆုံးပတ်ကစပြီး အရေးပြားရောဂါ (ယားနာ)တွေ ဖြစ်ပွားနေကြတာလို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒီလိုဖြစ်ပွားနေတာ တလကျော်ကြာလာပေမယ့် မကောင်းလာသေးတာကြောင့် ကျန်းမာရေးကူညီစောင့်ရှောက်မှုတွေလိုအပ်နေတာလို့ ဆိုကြပါတယ်။
“စခန်းမှာတတ်နိုင်သူထက်မတတ်နိုင်သူတွေကများတယ်။ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်ကစခန်းတွင်းမှာ ဆေးပေးခန်းလေးဖြစ်ဖြစ်လိုချင်တာပါ။သူနာပြုလေးတယောက်နဲ့ဖြစ်ဖြစ်ဆေးခန်းလိုချင်ပါတယ်။စခန်းမှာယားနာတွေဖြစ်ပွားနေပေမယ့် ဆေးကုသမှုတွေမရသေးပါဘူး။”လို့ စစ်ဘေးရှောင်တဦးက ပြောပါတယ်။
အရေပြားရောဂါ(ယားနာ)တွေဟာ လက်၊ ကျောပြင်၊လက်မောင်း၊ဂျိုင်းကြား၊ဝမ်းဗိုက်၊ခြေထောက်စတဲ့ခန္ဓာကိုယ်နေရာအနှံ့အပြားမှာအဖြစ်များနေပြီး သက်ကြီးရွယ်အိုတွေ၊ကလေးတွေမှာအများဆုံးဖြစ်နေကြတာလို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။
အဲဒီစစ်ဘေးရှောင်တွေဟာ မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးနေရတာမို့ ပြီးခဲ့တဲ့နှစ်တွေကလည်း အရေပြားရောဂါတွေ ဖြစ်ပွားခဲ့ကြတယ်လို့ ဆိုကြပါတယ်။
အဲဒါကြောင့်တနှစ်ကျော်ကြာလာပေမယ့်အရေပြားရောဂါဟာ ပျောက်လိုက်၊ပြန်ဖြစ်လိုက်ဖြစ်နေတာလို့လည်း ဆိုကြပါတယ်။
အဲဒီအပြင် ပုဏ္ဏားကျွန်းမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် ကုလားတန်မြစ်ရေမြင့်တက်ပြီးချောင်းရေတွေဝင်ရောက်ရေကြီးမှုဖြစ်ပွားခဲ့ပါတယ်။
အဲဒါကြောင့် သောက်သုံးရေကန်တွေ နစ်မြုပ်ခဲ့ပြီး မသန့်ရှင်းတဲ့ဆားငန်ရေတွေ ဝင်ရောက်ခဲ့တဲ့ရေတွေကို သောက်သုံးရတာ၊မိုးတွင်းမသန့်ရှင်းတဲ့နေရာတွေမှာဖြစ်သလိုနေထိုင်နေရတာ၊မလုံခြုံတဲ့ခြင်ထောင်တွေအောက်မှာအိပ်စက်ရတာတွေကြောင့် အရေပြားရောဂါတွေ ထပ်ဖြစ်နေတာလို့ဆိုကြပါတယ်။
“ခန္ဓာကိုယ်အနှံ့မှာဖြစ်နေကြတာပါ။ဝဲလိုမျိုးအရေပြားမှာယားနာတွေဖြစ်နေကြတာ။စခန်းမှာရှိတဲ့စစ်ဘေးရှောင် သုံးပုံတပုံလောက်ဖြစ်နေတယ်။မိသားစုငါးယောက်ရှိတဲ့အိမ်မှာသုံးယောက်လောက်က ယားနာဖြစ်နေတာ။နွေရာသီတုန်းကသုံးလေးလမှာတကြိမ်လောက်အဖွဲ့အစည်းတွေက ကျန်းမာရေးကူညီမှုတွေရှိခဲ့တယ်။မိုးရာသီစရောက်တဲ့အချိန်ကနေ ခုချိန်ထိတော့မရှိဘူး။ခြင်ထောင်တွေလည်းလိုပါတယ်။ညအချိန်အကောင်တွေကိုက်ပြီးကုတ်လိုက်ရင်ယားနာတွေဖြစ်သွားတယ်။” လို့ စစ်ဘေးရှောင်တဦးက Border News Agency ကို ပြောပါတယ်။
အဲဒီအရေပြားရောဂါတွေဖြစ်ပွားနေတဲ့ စစ်ဘေးရှောင်တွေမှာ ရောဂါမသက်သာဘဲ ယားယံမှုတွေဖြစ်ပွားနေလို့ အချိန်တိုင်းကုတ်ခြစ်နေရတယ်လို့လည်း ဆိုကြပါတယ်။
အဲဒါကြောင့် အခက်အခဲတွေကြားကနေ ဆေးခန်းတွေသွားပြရင် ဆေးဝါးကုခတွေအပြင်ခရီးစရိတ်တွေပါ ကုန်ကျများနေတယ်လို့ဆိုကြပါတယ်။
အဲဒီလိုကုန်ကျမှုများပြားနေပေမယ့် အနာနဲ့ဆေးမထည့်တာတွေကြောင့် အခက်အခဲတွေရှိနေကြပြီးထိရောက်တဲ့ ကျန်းမာရေးကူညီစောင့်ရှောက်မှုတွေကိုလိုအပ်နေတာလို့လည်း ဆိုကြပါတယ်။
“ဆေးခန်းတခါသွားရင်အနည်းဆုံးလေးငါးခြောက်သောင်းလောက်ကုန်တယ်။အဲဒါကအသွားအပြန်ခရီးစရိတ်တွေဘဲရှိသေးတယ်။ယားနာပျောက်ဆေးလိမ်းဆေးတဘူးဝယ်ရင် သောင်းဂဏန်းလောက်ပေးရတယ်။သောက်ဆေးတွေနဲ့ပါဆို ဆေးခန်းတခါသွားတာကုန်ကျမှုကသိန်းဂဏာန်းအထက်ကုန်တယ်။အနာနဲ့ဆေးတည့်တော့မပျောက်သလို့ငွေကုန်ကြေးကျတာလည်းအလဟသဖြစ်နေတယ်။” လို့ စစ်ဘေးရှောင်အမျိုးသမီးက Border News ကို ပြောပါတယ်။
အရေပြားရောဂါဖြစ်ပွားနေကြတဲ့ ဂဏန်းတောင်နဲ့စိုက်ပျိုးရေးခြံစစ်ဘေးရှောင်စခန်းတွေမှာကျန်းမာရေးကူညီစောင့်ရှောက်မှုအပြင် တကိုယ်ရည်သန့်ရှင်းမှု၊ကျန်းမာရေးအသိပညာပေးစောင့်ရှောက်မှုတွေလည်းလိုအပ်နေတယ်လို့ ဆိုကြပါတယ်။
အဲဒီပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်စခန်းတွေမှာ ပြီးခဲ့တဲ့နှစ်၊နွေရာသီကလည်း သောက်သုံးရေရှားပါးမှုပြဿနာနဲ့ကြုံတွေ့ခဲ့ရပြီး မသန့်ရှင်းတဲ့ရေတွေကြောင့်အရေပြားရောဂါအပြင် ဝမ်းပျက်ဝမ်းလျှောရောဂါတွေပါ ဖြစ်ပွားခဲ့ကြပါတယ်။
အဲဒီစခန်းမှာ စစ်တွေနဲ့ပုဏ္ဏားကျွန်းစတဲ့မြို့နယ်က စစ်ဘေးရှောင်တွေနေထိုင်ကြပြီးစစ်ဘေးရှောင်အိမ်ထောင်စု ၂၈၀၊အမျိုးသား ၅၂၉ဦး၊အမျိုးသမီး ၆၂၁ဦး၊ စုစုပေါင်းလူဦးရေ ၁၁၅၀ ဦးရှိပါတယ်။