Border News Agency
နေပြည်တော်၊ စက်တင်ဘာ ၃။
မြန်မာနိုင်ငံမှာကျင်းပမယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲကို တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်ကအသိအမှတ်ပြုပြီး အကူအညီပေးမယ်လို့ ကတိပေးလိုက်ကြောင်း အမျိုးသားကာကွယ်ရေးနဲ့လုံ ခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နဲ့ ဩဂုတ်လ ၃၁ ရက်နေ့က တီယန်ကျန်းမြို့မှာတွေ့ဆုံခဲ့တာပါ။
အဲဒီတွေ့ဆုံမှုအတွင်း တရုတ်သမ္မတရဲ့ ကတိကိုရခဲ့တာလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံပိုင်သတင်းမီဒီယာတွေကတဆင့် စက်တင်ဘာ ၂ ရက်နေ့ကပြောဆိုခဲ့တာပါ။
“မြန်မာနိုင်ငံမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ တရုတ်နိုင်ငံအနေနဲ့အသိအမှတ်ပြုဖို့ ပြီးရင် အထွေထွေ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ကူညီနိုင်ဖို့ ဒါတွေကိုအတည်ပြုပေးလိုက်တာရှိတယ်။ နောက်တခုက မြန်မာနိုင်ငံရဲ့တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့ ဆက်လက်ပြီးကူညီသွားမယ်ဆိုတဲ့အာမခံချက်တွေရရှိခဲ့တာဖြစ်တယ်။” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
တရုတ်သမ္မတနဲ့တွေ့ဆုံရာမှာ နိုင်ငံရေးအရရော နိုင်ငံတကာအရေးအရပါ အသိအမှတ်ပြုမှုတွေ ရရှိခဲ့တယ်လို့လည်းဆိုပါတယ်။
အဲဒီခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နရန်ဒြာမိုဒီနဲ့တွေ့ဆုံပြီး မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အိန္ဒိယနိုင်ငံအနေနဲ့က အမြဲတမ်းရပ်တည်ပေးနေတာတွေ၊ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ လုပ်ဆောင်ပေးနိုင်တာတွေကို ဆွေးနွေးခဲ့တယ်လို့လည်းပြောပါတယ်။
လာအိုနိုင်ငံသမ္မတနဲ့လည်း လျှပ်စစ်စွမ်းအင်ကဏ္ဍနယ်စပ်ဖြတ်ကျော်ကဏ္ဍ၊ အလုပ်သမားကဏ္ဍတွေကို ဆွေးနွေးနိုင်ခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် အချိန်ငါးနှစ်နီးပါးအကြာလာမယ့်ဒီဇင်ဘာလမှာ ရွေးကောက်ပွဲကျင်းပသွားမယ်လို့ စစ်ကော်မရှင်က ကြေညာထားပါတယ်။
အဲဒီရွေးကောက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပါအဝင်အ တိုက်အခံအင်အားစုတွေက ဆန့်ကျင်ကန့်ကွက်ထားကြပါတယ်။