အင်တာဗျူး
Border News Agency
မြောက်ဦး၊ နိုဝင်ဘာ ၉။
အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ် မြေတွေက တောင်သူလယ်သမားတွေဟာ အခက်အခဲပေါင်းစုံနဲ့ရင်ဆိုင်နေကြရပါတယ်။
အဲဒီတောင်သူတွေဟာ မျိုးစေ့တွေ၊ ဓာတ်မြေသြစာတွေ၊ နည်းပညာတွေအပါအဝင်ရာသီဥတုပြောင်းလဲမှုဒဏ်တွေကိုလည်းခံနေကြရတယ်လို့ တောင်သူတွေကဆိုကြပါတယ်။
အဲဒီမြောက်ဦးမြို့နယ်က ဆောင်းသီးနှံစိုက်တောင်သူဦးခင်မောင်က သူတို့ကြုံတွေနေ့ကရတဲ့အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ လိုအပ်ချက်တွေကို ပြောပြထားပါတယ်။
“ခုလက်ရှိဂေါ်ဖီခင်းအခြေအနေက တော့ မိုးကလည်းများပါတယ်။ ရာသီဥတုကလည်းမငြိမ်သက်ပါဘူး။ ဆောင်းရာသီရောက်သင့်တဲ့အချိန်မှာမရောက်ဘဲ မိုးရွာနေတော့ ဂေါ်ဖီကစိုက်ပေမယ့်ရေမြုပ်တဲ့အပင်တွေကတော့ သေသွားပါတယ်။”
“ပျိုးပင်တွေကလည်း အပင်စိုက်ဖို့မရပါဘူး။ ပျိုးစိုက်ထားတဲ့ဟာတွေက လက်လေးလုံးလောက် စိုက်ရမယ့်နေရာမှာ တတောင်ကျော်ရှည်သွားတော့ အရိုးရှည်ပြီး ရေလောင်းတဲ့အခါလည်းအဆင်မပြေပါဘူး။”
“မြေဆွသမားတွေ မြေဆွတဲ့အခါမှာလည်း မိုးရွာလိုက်မြေတင်းလိုက် ရေညှိတွေဖြစ်လိုက်နဲ့ မြေတွေကအားမဖြစ်ပါဘူး။ မိုးကြောင့်ဖျက်လိုဖျက်စီးဖြစ်နေပါတယ်။”
“ဂေါ်ဖီခင်းက ခုလောလောဆယ်မှာအဆင်မပြေဘူးဖြစ်နေပါတယ်။ လူတယောက်ကိုတော့ ဒီနှစ်ကရာနှုန်းပြည့်စိုက်ဖို့မှန်းထားပါတယ်။ ဒါပေမယ့်ဒီနှစ်ရာသီဥတုကြောင့်ပျက်စီးသွားတာတွေအရမ်းများနေပါတယ်။ အခြေအနေကမထူးတော့ပါဘူး။”
“လမ်းလွှဲပြီးတော့ သခွါးခင်းတခင်းက လူတရာမှာကိုးဆယ်ကိုးရာခိုင်နှုန်းကမဖြစ်ထွန်းကြပါဘူး။ ကိုးဆယ်ကိုးရာခိုင်နှုန်းက မြန်းကိုမလွန် ပေါင်းမချုပ်ကြပါဘူး။ ဘာလို့မရတာလဲ အအေးဓာတ်လိုလို့လား ဆိုပြီးတော့ ကျွန်တော်မိုးရာသီအစပိုင်းမှာစိုက်ပါတယ်။ မိုးကောင်းတုန်းမှာပေါ့။ အပွင့်ပဲပွင့်ပြီးအသီးကလုံးဝမသီးခဲ့ဘဲနဲ့အပင်ပဲတက်သွားပါတယ်။”
“မျိုးကတော့ ၇၇၇ လုံးမျိုးစေ့စိုက်တာ မျိုးစေ့မှားတာလားတော့မသိပါဘူး။ မျိုးစေ့တွေကတော့ ၇၇၇ ဒေဝီ ၉၉၉ ၉၆၂ တို့အမျိုးမျိုးရှိကြပါတယ်။ ဒါပေမယ့် ၇၇၇ လုံးက ရာသီမရွေးစိုက်လို့ရတဲ့အတွက်ကြောင့် ၇၇၇ လုံးကိုစိုက်တာပါ။”
“ဒါပေမယ့်လုံးဝအသီးမသီးခဲ့ပါဘူး။ ဝါဆိုဝါခေါင်လမှာထပ်စိုက်ပါတယ်။ အဲဒီအချိန်ကဘာအပင်မဆိုအကုန်အသီးသီးပါတယ်။ လူတရာမှာကိုးဆယ်ကိုယောက်က ဖြစ်ကြပါတယ်။ ကိုးဆယ်ကိုးမှာခြောက်ဆယ်ရာခိုင်နှုန်းလောက်ဖြစ်ပါတယ်။”
“အဲဒီချိန်တုန်းက ရခိုင်ပြည်မှာကစျေးကွက်ကမကောင်းပါဘူး။ ရောင်းချရတာက အသီးနှံပေါရင်ပေါသလိုရှားရင်ရှားသလိုပါ။”
“ခုဂေါ်ဖီခင်းစိုက်တဲ့အချိန် တန်ဆောင်မုန်းလမှာ သခွါးခင်းတခင်းဖြစ်လာဖို့က အရင်ကဆိုသခွါးသီးတလုံးကို လေးရာ၊ ငါးရာလောက်ရပါတယ်။ ခုက ၁၅၀၀/၂၀၀၀ နဲ့ရောင်းရပါမယ်။”
“အခြေအနေကိုသုံးသပ်ပြီးတော့ မြေဆီကိုဘယ်အမျိုးစားထည့်ရပါမယ်။ ကင်ပေါင်းကိုဘယ်အမျိုးစားထည့်ရဖို့ဆိုတာကို ကင်ပေါင်းမှာကပုလဲဓာတ်တွေပါတယ်။ ပုလဲဓာတ်ထည့်လို့ အပင်ကြီးထွားမှုနှုန်းများပေမယ့် အပင်ကအနာဝင်သွားတော့ လိုတဲ့ခရီးကိုမရောက်ခဲ့ပါဘူး။ မြန်းမချုပ်ခဲ့ပါဘူး။ မြန်းချုပ်တဲ့အပင်က အသီးလည်းလှပါတယ်။”
“ခုကဘာဖြစ်နေလဲဆိုတော့ စုပ်စားဖ်ို့ဆိုတဲ့အခြေအနေထဲမှာ ဖျက်ပိုးတွေ၊ လှည်းပိုးတွေ၊ အမျိုးမျိုးသောပိုးတွေ၊ လိပ်ကုန်းပိုးလေးတွေ၊ လိပ်ပြာပုံစံပိုးလေးတွေ။ အဲဒီပိုးတွေကိုသတ်ပြီး ဆိုင်ကလုန်းတို့၊ ပတ်တားတို့၊ ဆိုင်လာတွေ၊ ကေလာတွေ၊ ဆေးအမျိုးမျိုးဖြန်းပေမယ့်လည်း လုံးဝမပျောက်နိုင်ပါဘူး။ မပျောက်နိုင်တော့ဘာဖြစ်လာလဲဆိုတော့ နောက်ထပ်ဆိုင်လာနဲ့ကေလာကို စပ်ပြီးတော့ သက်သက်နှစ်ရက်ခြားတခါဖြုန်းလိုက်ပြီးတော့မှ တခြားပိုးတွေကအားလုံးသေပါတယ်။”
“ဒါပေမယ့် စုပ်စားပိုး ခေါ် ဖြုတ်ချေဟာလုံးဝမသေပါဘူး။ မသေတော့…အဲဒီအပင်ရဲ့အရွက်နဲ့အညွှန့်ကို စုပ်စားလိုက်တော့ အပင်ရဲ့ခြေရင်းကနေအလုပ်မလုပ်တော့ပါဘူး။ လုံးဝဝင်းဝါပြီးတော့ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီးတော့ အပင်တက်နိုင်မယ့်အခြေအနေလည်းမရှိတော့ပါဘူး။”
“အဲဒါကြောင့် ဘာဆေးတွေနဲ့စမ်းသပ်လို့ရမလဲပေါ့။ ဒီချိန်မှာသခွါးခင်းတခင်းဖြစ်တာနဲ့တန်ဖိုးရှိပါမယ်။ အရင်ကဆို ၅၀၀ ရမယ်။ ၄၀၀ ရမယ်။ အခုချိန်မှာဆို ၁၅၀၀/ ၂၀၀၀ ရမယ်။ ဂေါ်ဖီခင်းထက်အဆင်ပြေမလားဆိုပြီးတော့ ဝါးနှစ်ဆယ်လောက်နဲ့စမ်းကြည့်တာပါ။”
“ခုတော့မြန်းပေါ်ကိုတော့ရောက်နေပြီ။ ကိုယ်တွေလေးထောင်မှန်းမယ့်ခရီးမှာသုံးထောင်လောက်ပဲရောင်းရပါမယ်။”
“ဒါပေမယ့်စျေးကွက်ပေါ်မှာလည်းမူတည်ဦးပါမယ်။ ဒီအချိန်မှာအသီးများမလား၊ နည်းမလား။ တွက်ကြည့်ရဦးမယ်။”
“ဂေါ်ဖီခင်းပျက်စီးရတာက အဓိကတော့ မိုးများလို့ သဘာဝကဖျက်စီးတာ။ အပင်တွေကအချိန်တန်ပြီမစိုက်လိုက်ရပါဘူး။ မိုးများပါတယ်။”
“ဥပမာ-ကုန်းမှာ ရေမြောင်းတွေလုပ်ထားပါတယ်။ အဲဒီနေရာတွေမှာက စက်နဲ့ထွန်တဲ့နေရာတွေမှာ ရေဝပ်တဲ့နေရာတွေမှာက အပင်တွေသေသွားပါတယ်။ ရေမဝပ်တဲနေရာကုန်းပေါ်မှာကရှင်ပါတယ်။ မြက်တွေကလည်းများပါတယ်။ မြက်များပေမယ့်လည်း မြေဆွသမားတွေ၊ နေ့စားသမားတွေနဲ့ လုပ်ရင်အဆင်ပြေပါသေးတယ်။ ရေဝပ်တဲ့အပင်တွေကတော့ အမြစ်သစ်မထွက်သေးဘဲသေသွားပါတယ်။ အဲဒါတွေကိုဖျက်စိုက်ပါတယ်။ အင်းခွက်ကုန်ပုတ်တွေခံပါတယ်။ မြေကတိပြီးညီနေတာမဟုတ်ပါဘူး။”
“အဲဒီလိုပျက်စီးတာဂေါ်ဖီခင်းကတော့ ဒီနှစ်ဂေါ်ဖီစျေးကွက်ကတော့ အရင်နှစ်ကငါးရာကျပ်ကို ဒီနှစ်ကတထောင့်ငါးရာကျပ်လောက်ဖြစ်ပါတယ်။ ငွေအသုံးနှုန်းတွေက ဘာဖြစ်လို့လည်းဆိုတော့…မနှစ်ကဂေါ်ဖီတပွင့်ကို တထောင်ကျပ်နဲ့ရောင်းလိုက်ပေမယ့် ပိုက်ဆံတထောင်က တန်ဖိုးရှိသေးပါတယ်။ ဒီနှစ်ပိုက်ဆံတထောင်ငါးရာကျပ်ကတန်ဖိုးမရှိဘူးဖြစ်နေပါတယ်။ တဆမှာနှစ်ဆတန်ဖိုးမရှိပါဘူး။”
“ဒါပေမယ့် ဂေါ်ဖီခင်းက မနှစ်ကစျေးကွက်ကောင်းတဲ့အတွက် လူတရာမှာတရာနှစ်ဆယ်စိုက်ဖို့ဖြစ်သွားပါတယ်။ လူတယောက်ကတသောင်းစိုက်မယ့်နေရာမှာ နှစ်သောင်းစိုက်ဖြစ်သွားပါတယ်။အခုလိုတိုးချဲ့ပြီးစိုက်ဖို့လုပ်တဲ့အခါ သဘာဝဖျက်စီးဒဏ်ကြောင့်နဲ့ ဆုတ်ယုတ်လားဖို့ဖြစ်နေပါတယ်။ ဂေါ်ဖီခင်းက…။”
“ဒါပေမယ့်ရောင်းရေးချရေးထဲမှာ နည်းသွားပေမယ့် စားဖို့လူကလည်းအင်အားနည်းပါတယ်။ ဘာလို့အင်အားနည်းလဲဆိုတော့…စျေးကွက်ကမနှစ်ကလောက်ဖြစ်မှာမဟုတ်ပါဘူး။ မနှစ်ကဆိုရင်စစ်ဘေးရှောင်တွေကကိုယ့်ရပ်ကိုယ့်ရွာပြန်ပေမယ့်ဟင်းသီးဟင်းရွက်တွေကတပိုင်တနိုင်စိုက်စားဖို့မရပါဘူး။”
“ဒီနှစ်ကတော့…အားလုံးနေရာမှာစိုက်စားလို့ရပါတယ်။ ကိုယ့်မှာခြံတွင်းကပစ္စည်းလေးထွက်ကြပါတယ်။ တိုလီမို လီဟင်းပင်လေးတွေစိုက်ကြပါတယ်။ ချဉ်ပေါင်းဟင်းကပင်အစ မနှစ်ကစျေးကောင်းပါတယ်။”
“ဒီနှစ်ချဉ်ပေါင်းဟင်းကတော် သလင်းလကနေမကောင်းတာပါ။ ခုတန်ဆောင်မုန်းလထဲရောက်သွားပါပြီ။ လုံးဝရောင်းလို့ရချလို့မကောင်းပါဘူး။ အရင်ခါပဲသီးတပိဿာကို မနှစ်ကငါးထောင်ရပါတယ်။ ဒီနှစ်က နှစ်ထောင်ငါးရာ၊ သုံးထောင်ပါ။ ခုလောလောဆယ်သုံးထောင်ငါးရာစျေးနဲ့သွားနေပါတယ်။ သခွါးသီးတလုံးကိုမနှစ်ကတထောင်ငါးရာကျပ်ရောင်းပါတယ်။ ဒီနှစ်ကငါးရာကျပ်ပဲရောင်းရပါတယ်။”
“အဲဒီအတွက်ကြောင့် ဒီအချိန်ကြားစပ်မှာ တထောင်နဲ့ တထောင့်ငါးရာရနိုင်မလားလို့ယှဉ်ကြည့်တာပါ။ ဟင်းသီးဟင်းရွက်လည်းပေါတယ်လို့ဆိုရပါမယ်။ တပိုင်တနိုင် လည်းစိုက်နိုင်ပါတယ်။ရောင်းစားမယ့်လူလည်းစိုက်နိုင်ပါတ ယ်။ဒီနှစ်ကတော့တည်ငြိမ်အေးချမ်းလို့ပေါ့။”
“ULA/AAဖက်ကတော့ စိုက်ပျိုးရေးတွက်ကူညီပံ့ပိုးပေးတာတွေတော့မရှိသေးပါဘူး။”
“ဘာလို့လဲဆိုတော့..ခုကအိန္ဒိယနဲ့အဆက်သွယ်လုပ်ထားတော့…မြေဆီတွေက အရင်နှစ်ကထက်ပေါပေါလောလောသုံးလို့ရပါတယ်။ စျေးနှုန်းလည်းအများကြီးသက်သာပါတယ်။”
“မနှစ်ဆိုရင်သုံးသိန်း၊ နှစ်သိန်းရှစ်သောင်းကျပ်ပါ။ ဒီနှစ်ကတော့ နှစ်သိန်းလေးသောင်း၊ နှစ်သိန်းသုံးသောင်းကျပ်ပဲရှိပါတယ်။”
“အဲဒီအတွက်သက်သက်သာသာသုံးရပါတယ်။ စူပါလည်း အဲဒီလိုပဲ၊ ကင်ပေါင်းလည်း အဲဒီလိုပဲ။ တက်လိုက်ကျလိုက်ပေါ့။”
“ဓာတ်ဆီစျေးနှုန်းကလည်းသက်သာပါတယ်။ မနှစ်ကဆိုရင်တသောင်းနှစ်ထောင်/တသောင်းတထောင်ပါ။ ဒီနှစ်ကတော့ရှစ်ထောင်၊ ရှစ်ထောင့်ငါးရာလောက်နဲ့မောင်းရပါတယ်။”
“လယ်သမားတွေကတော့…အကူအညီတော့လိုတာပါပဲ။ ဒါပေမယ့် ခုကဘာဖြစ်လဲဆိုတော့ အလုပ်သမားကြောင့်ပြသာနာဖြစ်ပါတယ်။”
“စိုက်ပျိုးရေးကိုချဲ့လုပ်ဖို့ကလည်း အလုပ်သမားတွေကငှါးဖို့အလုပ်သမားတွေတွက်အလုပ်မရှိပါဘူး။ အလုပ်မရှိတော့…ကျွန်တော်တို့ဘာသာအပြင်က မွတ်ဆလင်တွေကိုငှါးလုပ်ပါတယ်။ မွတ်ဆလင်တွေကလည်း ရခိုင်တွေလောက်နားမလည်ပါဘူး။ စကားအပြောအဆိုတွေကအစနားမလည်တော့…သူတို့ကတပိုင်းတစနဲ့အလုပ်လုပ်မပြီးသေး ပိုက်ဆံယူပြီးထွက်ပြေးသွားပါတယ်။ အခင်းပိုင်ရှင်တွေမှာကျန်တာက လူသုံးယောက်လုပ်ရမယ့်နေရာမှာ တယောက်ပဲဖြစ်သွားပါတယ်။ တယောက်တည်းဖြစ်တော့…မနိုင်မနင်းတွေဖြစ်သွားပါတယ်။”
“ရေလောင်းရမယ့်အချိန်မှာရေမလောင်းရ၊ မြေဆီကြဲရမယ့်အချိန်မှာမကြဲရ။ အဲဒီလိုပျက်ရယ်ပြုမှုတွေဖြစ်လာပါတယ်။ သဘာဝကပဲနှိပ်စက်မလား၊ အထွေထွေတွေနဲ့ အလုပ်သမားတွေကငှါးလို့မရပါဘူး။ ဘာလို့မရလဲဆိုတော့…လူတွေကအလုပ်လုပ်မယ့်ဟာကိုလေးစားမှုမရှိတာလား။ အလုပ်လုပ်မယ့်သူမရှိတာလားဆိုတာကို ခန်းမှန်းလို့မရဘူးဖြစ်နေပါတယ်။”
“နိုင်ငံခြားကိုသွားကြပေမယ့်အဆင်မပြေကြတော့နိုင်ငံခြားကလာပြီးအလုပ်လုပ်ကြပါတယ်။ လုပ်တဲ့နေရာမှာလည်း စိုက်ပျိုးရေးကိုနားလည်ပြီးမွေးမြူရေးတွေကသဘာဝဒဏ်ကြောင့်နဲ့လုပ်စားလို့အဆင်မပြေ၊ စျေးကွက်ကမဟန်၊အဲ ဒီလိုဖြစ်နေပါတယ်။”
“အဲဒါကြောင့် အကူအညီရဖို့ဆိုတာက… ခုတော့စစ်ရေးကာလဖြစ်နေတော့ကူညီဖို့အရေးထက် မိသားစုစားဝတ်နေရေးတပိုင်တနိုင်ချမ်းသာဖို့တော့မဟုတ်ပါဘူး။ စားဝတ်နေရေးလုံလောက်ရင်ရပါပြီ။”
“အဓိကတော့ ရခိုင်ပြည်ကိုရဖို့အတွက် ကြိုးစားလုပ်စေချင်ပါတယ်။ ကျွန်တော်ကတော့ ဒီလောက်အတိုင်းအတာနဲ့စားရသောက်ရနေလို့ရပါပြီ။ ကိုယ့်ရခိုင်ပြည်ကိုရပြီဆိုတာနဲ့ကျွန်တော်တို့တွေလွာတ်လွတ်လပ်လပ်လုပ်စားပြီးစိီးပွါးရေးတိုးတက်အောင်တော့လုပ်လို့ရပါပြီ။”









