နတ်သျှင်မေ၊သော်တာ၊မင်းထွန်းပူး ပေါင်းရေးသားထားပါတယ်။
Border News Agency
ရမ်းဗြဲ၊ နိုဝင်ဘာလ ၃၀။
မြန်မာနိုင်ငံရဲ့ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့ ရခိုင်၊ မွန်၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းဒေသတွေရဲ့သဘာဝလက်ဆောင် ဘိုးဘွားအမွေဒီရေတောတွေဟာ လက်ရှိကာလမှာတော့ စစ်ပွဲတွေရဲ့အလယ်မှာထိန်းသိမ်းမှုမဲ့ပျက်စီးလာနေပါတယ်။
ကမ္ဘာမြေရဲ့အဖိုးတန်အပြာရောင်ကာဗွန်သိုလှောင်ရုံတွေနဲ့ကမ်းရိုးတန်းဒေသရှိ လူဦးရေငါးသန်းကျော်ရဲ့အသက်သွေးကြောဖြစ်ခဲ့တဲ့ သဘာဝအမွေအနှစ်ဒီရေတောတွေဟာလက်နက်ကိုင်ပဋိပက္ခတွေနဲ့အတူ စနစ်တကျစောင့်ကြည့်ထိန်းသိမ်းသူမဲ့ဖြစ်လာနေတာပါ။

အာဏာပိုင်တွေ၊ ဒီရေတောထိန်းသိမ်းရေးအဖွဲ့တွေ၊ စောင့်ကြည့်ရေးအဖွဲ့တွေရဲ့ ကွင်းဆင်းလှုပ်ရှားမှုတွေရပ်တန့်သွားတာနဲ့ ဥပဒေမဲ့ သစ်ထုတ်လုပ်မှုတွေကြောင့် ဒီရေတောပြုန်းတီးမှုနှုန်းကို အဆမတန်မြင့်တက်စေခဲ့ပြီး ဒေသခံတနေ့လုပ်တနေ့စားတွေရဲ့ စီးပွားရေးကိုလည်း ပြင်းထန်စွာထိုးနှက်နေပါတယ်။
အဲဒီအပြင် စစ်ရေးတင်းမာမှုတွေကြားက ဒီရေတောတွေရဲ့ အနာဂတ်၊ရှားပါးမျိုးစိတ်တွေအပါအဝင် ဇီဝမျိုးစုံမျိုး ကွဲတွေရဲ့ ရှင်သန်မှုနဲ့ကမ်းရိုးတန်းဒေသရှိလူသားတွေရဲ့ဘေးကင်းလုံခြုံရေးဟာလည်း စိုးရိမ်စရာဖြစ်လာပါတယ်။
ဒီရေတောတွေရဲ့အရေးပါပုံ
ကမ္ဘာပေါ်မှာ ဂေဟစနစ်များစွာရှိတဲ့အနက် ကာဗွန်အများဆုံးစုပ်ယူထားနိုင်တဲ့ ဒီရေတောဂေဟစနစ်ဟာ Climate Change လို့ပြောနေတဲ့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကို ထိန်းညှိရာမှာအရေးပါဆုံးဖြစ်ပါတယ်။
ဒီရေတောတွေဟာ ရာသီဥတုဖောက် ပြန်ပြောင်းလဲမှု၊မြေပြိုကျမှု၊ရေတိုက်စားမှု၊မုန်တိုင်းတိုက်ခတ်မှုစတဲ့ သဘာဝဘေးရန်တွေကို ကာကွယ်လျှော့ချပေးနိုင်ပြီး ငါး၊ပုဇွန်၊ဂဏန်းစတဲ့ ရေသယံဇာတတွေနဲ့ ဇီဝမျိုးစုံမျိုးကွဲပေါင်းများစွာရဲ့ရှင်သန်ကျက်စားရာနေရာလည်းဖြစ်ပါတယ်။
ဒါပေမယ့် ပဋိပက္ခဒဏ်ခံရတဲ့ ကမ်းရိုးတန်းဒေသတွေက ဒီရေတောတွေဆုံးရှုံးမှုဟာ ဒေသဂေဟစနစ်နဲ့လူမှုဝန်းကျင်အပေါ် ရေရှည်ဆိုးကျိုးတွေသက်ရောက်စေနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသူတွေက သတိပေးနေကြပါတယ်။
ဒီရေတောတွေရဲ့ကာဗွန်သိုလှောင်နိုင်စွမ်း (Blue Carbon)လျော့ကျသွားတာကြောင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဒဏ်ကို ပိုမိုခံရနိုင်ခြေမြင့်မားလာပြီး ပဋိပက္ခဒဏ်ခံရတဲ့နေရာတွေမှာ ဒီရေတောဆုံးရှုံးနှုန်းဟာ ပုံမှန်ထိန်းသိမ်းထားတဲ့ဒေသတွေထက် ၃ ဆ မှ ၅ ဆထိပိုမိုမြန်ဆန်နေနိုင်တယ်လို့ ပညာရှင်တွေကခန့်မှန်းထားကြပါတယ်။

ဒီရေတော ထိန်းသိမ်းမှု ကင်းမဲ့လာတဲ့ အကြောင်း
မြန်မာနိုင်ငံမှာ ၁၉၇၀ ပြည့်နှစ်မတိုင်မီက ကမ်းရိုးတန်းဒီရေတောဧရိယာ ၇၈၅,၀၀၀ ဟက်တာ (Hectares) လောက်ရှိခဲ့ပေမယ့် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၄ ခုနှစ်အတွင်းမှာ တနှစ်ကို ၁၄,၆၁၉ ဟက်တာ ၂ဒသမ၂ ရာခိုင်နှုန်းလောက် ဆုံးရှုံးခဲ့တယ်လို့ (Estoque et al) ၂၀၁၈ ရဲ့သိပ္ပံသုတေသနစာတမ်းနဲ့ကမ္ဘာ့ဘဏ်(World Bank)က ဖော်ပြထားပါတယ်။
အဲဒီအပြင် ၂၀၁၄ နောက်ပိုင်းမြန်မာ့ဒီရေတောဆုံးရှုံးမှုနှုန်းဟာ ၂၀၀၀ ပြည့်နှစ်တွေ အစောပိုင်းကထက် ၄၄ ရာခိုင်နှုန်းထိလျော့နည်းခဲ့ပြီး ၂၀၁၆ မှ ၂၀၂၁ ခုနှစ်ကာလတွေမှာလည်း ဧရာဝတီ၊ရခိုင်၊ မွန်နဲ့တနင်္သာရီဒေသတွေမှာဆက်ပြီးဆုံးရှုံးမှုတွေ ရှိနေဆဲဖြစ်တယ်လို့ Global Mang rove Watch (GMW)အဖွဲ့က ဆိုပါတယ်။
ဒီနှုန်းတွေဟာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုနဲ့နိုင်ငံတကာပံ့ပိုးမှုတွေကြောင့် တည်ငြိမ်မှုတရပ်ကို ဖော်ဆောင်နိုင်ခဲ့ပေမယ့် ၂၀၁၆ မှ ၂၀၂၁ ခုနှစ်ကာလတွေဟာ ဧရာဝတီ၊ရခိုင်၊မွန်နဲ့တနင်္သာရီဒေသတွေမှာ တရားမဝင်သစ်ခုတ်ယူမှုနဲ့ လယ်ယာမြေတိုးချဲ့မှုတွေကြောင့် ဆက်လက်ဆုံးရှုံးတာတွေ ရှိနေဆဲလို့ဆိုပါတယ်။
ဒီရေတောထိန်းသိမ်းရေးဆိုင်ရာတည်ငြိမ်မှုတွေဟာ ၂၀၂၁ ခုနှစ်၊စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လုံးဝပြောင်းပြန်လှန်သွားခဲ့တာတွေ့ရပါတယ်။
“အာဏာသိမ်းပြီးနောက်ပိုင်းမှာ လက်နက်ကိုင်ပဋိပက္ခတွေကြီးလာတာနဲ့အမျှ တရားဥပဒေစိုးမိုးမှုနဲ့သစ်တောဌာနရဲ့စောင့်ကြည့်မှုတွေ ပျက်ပြားသွားပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လူတွေကလိုအပ်ချက်ကြောင့်ဖြစ်စေ၊အခွင့်အရေးယူပြီးဖြစ်စေ တရားမဝင်ထင်းခုတ်ယူမှုတွေ၊ပုစွန်ကန် တိုးချဲ့မှုတွေကိုအလွယ်တကူလုပ်ဆောင်လာကြပါတယ်။” လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကျွမ်းကျင်ပညာရှင် တဦးဖြစ်တဲ့ ဦးဝင်းမျိုးသူက ဆိုပါတယ်။
ပဋိပက္ခနောက်ဆက်တွဲစစ်အုပ်စုရဲ့ ပိတ်ဆို့ဖြတ်တောက်မှုဗျူဟာအရ လျှပ်စစ်မီးပြတ်တောက်နေမှုနဲ့အတူ ထင်း၊ မီးသွေး လိုအပ်ချက်အတွက် ဒီရေတောတွေကို အလွန်အကျွံခုတ်ထွင်ရှင်းလင်းတာနဲ့ငါး၊ ပုစွန်မွေးမြူရေးကန်တွေ၊ဆည်လုပ်ငန်းတွေတိုးချဲ့တည်ဆောက်လာတာဟာ ဒီရေတောပြုန်းတီးမှုကို အဓိကဖြစ်ပေါ်စေနေတာပါ။
အာဏာသိမ်းမှုနဲ့ လက်နက်ကိုင်ပဋိပက္ခအကျိုးဆက်မှာ ဒီရေတောထိန်းသိမ်းရေးဆိုင်ရာကြိုးပမ်းမှုတွေကို ချက်ချင်းပျက်စီးစေပြီးတော့ ဂေဟစနစ်ပျက်ယွင်းမှုက လူမှုဝန်းကျင်နဲ့ ပဋိပက္ခတွေကိုပိုပြီးရှုပ်ထွေးစေတယ်လို့ ဦးဝင်းမျိုးသူကထောက်ပြပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဒီရေတောထိန်းသိမ်းမှုတွေရပ်ဆိုင်းတာ၊ နိုင်ငံတကာရဲ့ရန်ပုံငွေနဲ့နည်းပညာအထောက်အပံ့တွေပြတ်တောက်သွားတဲ့ထိ ဖြစ်ပေါ်နေပါတယ်။
မြေဧကအမြောက်အများ ဒီရေတောထူထူထဲထဲစိုက်ပျိုးတဲ့ မုတ္တကွေ့တလျှောက်နဲ့ မွန်ပြည်နယ်ကမ်းရိုးတမ်းတလျှောက်အပင်တွေလျော့နည်းလာနေတယ်လို့ ပေါင်ဒေသခံအမျိုးသားတဦးကဆိုပါတယ်။
“ဒီရေတောက ဒီဘက်မှာကမရှိသလောက်ဖြစ်နေပြီး ထိန်းသိမ်းမယ့်သူတွေလည်း မရှိတော့ဘူး။ တချို့တွေက နိုင်ငံခြားထွက်ကုန်ပြီ။ထိန်းသိမ်းနေတဲ့အဖွဲ့တွေက မရှိတော့ဘူး။ဘယ်သူမှလည်းမလုပ်ကြတော့ဘူး။” လို့ သူက ပြောပါတယ်။
မုတ္တမပင်လယ်ကွေ့ရဲ့သစ်တောဂေဟစနစ်မှာဆိုရင် ဆားနယ်မြေတော၊ ဂဝံကျောက်တော၊ ခြောက်သွေ့တော၊ အထက်ရွက်ပြတ်ရောတောခြောက်၊ အမြဲစိမ်းတော၊ ဒီရေတောတွေ ရှိပါတယ်။
မွန်ပြည်မှာဆိုရင် ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့ကနှစ်စဉ်မိုးဦးရာသီမှာ ဒီရေတောအပင်အပါအဝင် အရိပ်ရအပင် ၂,၀၀၀ ဝန်းကျင်ကို ချောင်းဆုံဒေသမှာ စိုက်ပျိုးလေ့ရှိပေမယ့် ပြန်လည်ထိန်းသိမ်းတဲ့ စီမံကိန်းတွေလုပ်ဆောင်တာမရှိတာကြောင့် ထိရောက်မှုမရှိဘူးလို့လည်းဒေသခံတွေက ဝေဖန်နေကြပါတယ်။

အဲဒါကြောင့် ပေါင်မြို့နယ်မှာဆိုရင် သဘာဝဘေးအန္တရာယ်တွေအဖြစ် လေဆင်နှာမောင်းတိုက်ခတ်မှုဒဏ်ကို ဒေသခံတွေ ပြင်းထန်စွာကြုံတွေ့ ခဲ့ရပြီး အိမ်ထောင်စု ၁၀၀ ကျော်လေဘေးသင့်ခဲ့ရသလိုသေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေလည်းရှိခဲ့ပါတယ်။
မွန်ပြည်ကမ်းရိုးတန်းဒေသတွေမှာ ကိုဗစ်နဲ့စစ်အာဏာမသိမ်းခင်ကာလက စိုက်ပျိုးထားတဲ့ဒီရေတောအပင်တွေ၊ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော(Community Forest-CF)မြေနေရာတွေတနှစ်ထက်တနှစ် လျော့နည်းလာတာအပြင် စိုက်ပျိုးထားတဲ့အပင်တွေလည်းလျော့နည်းလာပါတယ်။
အဲဒီအထဲမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်(AA)ကြားစစ်ရေးပဋိပက္ခပြင်း ထန်နေတဲ့ ရခိုင်လည်း အပါအဝင်ဖြစ်ပါတယ်။
အဲဒီစစ်တွေ၊ပေါက်တော၊မင်းပြား၊မြေ ပုံရှိဒီရေတောဆုံးရှုံးမှုရဲ့အဓိကအ ကြောင်းရင်းတွေမှာ မြေယာပိုင်ဆိုင်မှု မရှင်းလင်းမှု၊ပုစွန်ကန်၊စပါးခင်းတွေ တိုးလာတာ၊ထင်းခုတ်တာအပြင် ပဋိ ပက္ခရဲ့အကျိုးဆက်တွေကြောင့်လည်း အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီထဲပေါက်တောနဲ့မြေပုံမြို့နယ်တွေမှာလည်း သတ်မှတ်ကာလအတွင်း ၂၂ ရာခိုင်နှုန်းမှ ၄၃ ရာခိုင်နှုန်းထိဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ရမ်ဆာရေဝပ်ဒေသကဲ့သို့သော ကာကွယ်ထားထိန်းသိမ်းထားတဲ့ နေရာတွေကိုသွားလို့မရတဲ့အတွက် ထိန်းသိမ်းရေးလုပ်ငန်းတွေရပ်တန့်စေပြီး တရားမဝင်သားငါးဖမ်းဆီးတာနဲ့နေထိုင်ရာပျက်စီးတာတွေဖြစ်စေခဲ့တယ်လို့ ရခိုင်ကသ ဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့တာဝန်ရှိသူတဦးက ဆိုပါတယ်။
အဲဒီအပြင် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့က တိုက်ခိုက်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်မှာ ဒီရေတောတွေအများကြီးပျက်စီးဆုံးရှုံးခဲ့ပါတယ်။
ဒီရေတောတွေကို စိုက်ပျိုးရေးနဲ့အစား ထိုးခြင်းနှုန်းဟာ ဧရာဝတီတိုင်းထက်ရခိုင်မှာပိုမိုများပြားနေပြီး သူတို့ဟာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်တွေနဲ့ ထိန်းသိမ်းရေးမူဝါဒတွေကြား မပြေ လည်နိုင်တဲ့ ပဋိပက္ခကို ဖြစ်ပေါ်စေတ ယ်လို့ UN-REDD ရဲ့ ၂၀၁၇ ထုတ်အစီ ရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီရေတောပြုန်းတီးလာမှုရဲ့အကျိုးဆက်တွေဟာ သစ်ပင်၊သစ်တော ပြုန်းတီးတာ၊ မှုရဲ့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ အပူချိန်မြင့်တက်တာ၊မိုးခေါင်ရေရှားတာ၊ငါးသယံဇာတရှားပါးတာ၊ရာသီဥတုဖောက်ပြန်မှုနဲ့အတူ သဘာဝဘေးအန္တရာယ်တွေကိုပင် ရင်ဆိုင်လာကြရပါတယ်။
လက်ရှိမှာကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုတွေနဲ့အတူ ဒီရေတော ပြုန်းတီးလာမှုတွေကြောင့် ငါး၊ပုဇွန်တွေ ရှားပါးလာတယ်လို့ ရေလုပ်ငန်းနဲ့ နှစ်ပေါင်း ၁၀ ကျော်အသက်မွေးဝမ်းကျောင်းပြုနေတဲ့ အသက် ၄၅ နှစ်အရွယ် ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ရေလုပ်သားတဦးက ပြောပါတယ်။
“ငါးတွေကရှားလာတယ်။ရှာစားသူက များတယ်။ငါးတွေက မျိုးပြုန်းသလို ဖြစ်လာတယ်။ဆိုတော့ စားဝတ်နေရေးက ငတ်လိုက်မွတ်လိုက် ဒီလိုပဲရှာစားနေရတာပဲ။ အဆင်မပြေရင်ချေးငှားပြီးစားတယ်။ အဆင်ပြေရင်ဆပ်လိုက်တယ်။ချေးငှားလိုက်ပြန်ဆပ်လိုက်နဲ့စားနေရတာပဲ။” လို့ သူက ပြောပါတယ်။
အရင်က ငါးဖမ်းပိုက်နဲ့ သုံးရက်တကြိမ် ငါးဆွဲရင် ငါး ၁၂ ပိဿာလောက်ရခဲ့ပေမယ့် လက်ရှိမှာ ၄ ပိဿာကျော်သာ ရရှိတော့တယ်လို့ သူကဆိုပါတယ်။
လက်ရှိမှာ ဒီရေတောပြုန်းတီးလာမှုနဲ့ ငါးသယံဇာတတွေ ရှားပါးလာမှုကြောင့် ကမ်းရိုးတန်းဒေသတွေမှာ နေထိုင်တဲ့ တနေ့လုပ်တနေ့စားရေလုပ်သားတွေရဲ့နေ့စဉ်စားဝတ်နေရေးကို ရိုက်ခတ်မှုတွေအထိ ရှိလာနေတာပါ။
“ငါးတွေကလည်းအရင်လိုသိပ်မရတော့ဘူး။အရင်ဆိုရင်ငါးဆယ်ပိဿာလောက်ရတယ်။အခုကတပိဿာလောက်တောင် မရတော့ဘူး။ရေသယံဇာတတွေဆုတ်ယုတ်လာလို့ပြောရမယ်။ အရင်လို ငါးဈေးကွက်လည်းမရှိဘူး။ အခုကစားဝတ်နေရေးတောင်အနိုင်နိုင်ဖြစ်နေကြတယ်။” လို့ရခိုင်ပြည်၊ ပေါက်တောမြို့နယ်ရှိရေလုပ်သားတဦးက ဆိုပါတယ်။

အဲဒီအပြင် အချိန်အခါမဟုတ် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရခိုင်မှာ ၂၀၂၅ ခုနှစ်၊နိုဝင်ဘာလ အစောပိုင်းက မြေပဲ၊ ပြောင်း၊ ငရုပ်၊ ခရမ်း၊ သခွားနဲ့ ဖရဲစတဲ့ ဆောင်းသီးနှံစိုက်ခင်းတွေပျက်စီးမှုတွေ ရှိခဲ့တယ်လို့ တောင်သူတွေကဆိုပါတယ်။
ဆောင်းသီးနှံ အဓိကစိုက်ပျိုးတဲ့ မြောက်ဦးမြို့နယ်၊လေးမြို့ချောင်းဒေသမှာလည်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မြေပဲစိုက်ခင်းတွေဟာမှိုတက်ပြီး ပိုးကျပျက်စီးမှုတွေဖြစ်ပွားခဲ့တယ်လို့ လေညင်းတောင်ကျေးရွာရှိ တောင်သူအမျိုးသမီးတဦးက ပြောပါတယ်။
“ပုံမှန်ဆိုဝါကျွတ်ရင် မိုးက မရွာတော့ဘူး။ အခုကတန်ဆောင်တိုင်လကုန်တဲ့အထိ ရွာခဲ့တယ်။ဆိုတော့ ပျက်စီးမှုများတာပေါ့။” လို့ သူက ဆိုပါတယ်။
ကာဗွန်ဒိုင်အောက်ဆိုဒ်ကို သစ်တောတွေထက်ငါးဆအထိ ပိုမိုစုပ်ယူနိုင်စွမ်းရှိတဲ့ ဒီရေတောတွေဆုံးရှုံးမှုဟာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးစနစ်ကို လူသားတွေကိုယ်တိုင် ဖျက်ဆီးလိုက်တာနဲ့ အတူတူဖြစ်တယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကျွမ်းကျင်ပညာရှင်တဦးက ထောက်ပြထားပါတယ်။
“ရခိုင်ဒေသလို မုန်တိုင်းဘေးကျရောက်နိုင်တဲ့နေရာတွေမှာဒီရေတောတွေဆုံးရှုံးသွားတဲ့အခါကာဗွန်တွေလေထုထဲပြန်ရောက်ပြီး ရာသီဥတုပြောင်းလဲမှုကိုပိုဆိုးစေရုံသာမက၊ကမ်းရိုးတန်းဒေသခံရွာတွေဟာ မုန်တိုင်းဒဏ်ကိုသိသိသာသာလျော့ကျသွားတဲ့ခံနိုင်ရည်ရှိမှုနဲ့တိုက်ရိုက်ရင်ဆိုင်ကြရပါတယ်။ဒါဟာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးစနစ်ကို ကိုယ်တိုင်ဖျက်ဆီးပစ်လိုက်တာနဲ့တူတူပါပဲ။” လို့သူက ဆိုပါတယ်။
ဒီရေတောဆုံးရှုံးမှုဟာ ရခိုင်ကမ်းရိုးတန်းရဲ့မုန်တိုင်းဒဏ်ကိုခံနိုင်ရည်ရှိမှုကို သိသိသာသာလျော့ကျစေခဲ့ပြီးကမ်းရိုးတန်းဒေသရှိရွာတွေဟာ သဘာဝအတိုင်းဒီရေတောတွေရဲ့ ကာကွယ်မှုမရှိတော့တာကြောင့် သဘာဝဘေးအန္တရာယ်တွေကို တိုက်ရိုက်ရင်ဆိုင်နေရတယ်လို့ ဆိုကြပါတယ်။
စိန်ခေါ်မှုတွေနဲ့ပြည့်နှက်နေတဲ့ ဒီရေတော ထိန်းသိမ်းရေး မြန်မာနိုင်ငံရှိဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တွေဟာလည်းလက်နက်ကိုင်ပဋိပက္ခတွေကြားကမ်းရိုးတန်းဒေသတွေမှာ ဒီရေတောတွေကိုထိန်းသိမ်းဖို့ အခက်အခဲစိန်ခေါ်မှုတွေရှိနေတယ်လို့ ဆိုကြပါတယ်။
“လက်ရှိမှာတော့ ကွင်းဆင်းလုပ်ငန်းတွေ အားလုံးနီးပါးကိုသိသိသာသာလျှော့ချလိုက်ရပါတယ်။အဓိကအားဖြင့် လုပ်နိုင်တာကဒေသခံအခြေပြုကွန်ရက်တွေနဲ့ ဆက်သွယ်ပြီးအဝေးကနေစောင့်ကြည့်တာ၊ဖုန်းနဲ့သတင်းအချက်အလက်တွေ ရယူတာနဲ့အွန်လိုင်းကနေအသိပညာပေးမှု တချို့ကိုဆက်လုပ်နေတာပဲရှိပါတယ်။ လုံခြုံရေးအရ တနေရာတည်းမှာ စုပေါင်းပြီး ပြန်လည်စိုက်ပျိုးတာမျိုးတွေ လုံးဝမလုပ်နိုင်သေးဘူး။” လို့ သဘာဝပတ်ဝန်းကျင်အရေးဆောင်ရွက်နေတဲ့အမျိုးသားတဦးက ပြောပါတယ်။
ရခိုင်၊မွန်၊ဧရာဝတီဒေသအပါအဝင် ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာလုံခြုံရေး အာမခံချက်မရှိတာ၊ဝင်ထွက်သွားလာခွင့်ကန့်သတ်ချက်တွေနဲ့ စီမံကိန်းတွေအတွက် ရန်ပုံငွေရှားပါးတာတွေကြောင့်ထိန်းသိမ်းရေးလုပ်နေတဲ့အဖွဲ့တွေဟာ ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ ဆိုကြပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေပြင်းထန်နေတဲ့ကမ်းရိုးတန်းဒေသတချို့မှာ ဒီရေတောထိန်းသိမ်းရေးလုပ်ငန်းတွေကိုကွင်းဆင်းလုပ်ဆောင်ဖို့ လုံးဝမဖြစ်နိုင်သေးတာကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေဟာ ပိုမိုများပြားလာတယ်လို့သူကဆက်ပြောပါတယ်။

“ပဋိပက္ခကြားကာလမှာခွင့်ပြုချက်မရှိဘဲ ခုတ်ယူမှုနဲ့သယံဇာတထိခိုက်မှုတွေဟာ အရင်ကထက်ပိုမိုများပြားလာတယ်ဆိုတဲ့ သတင်းတွေကိုဒေသခံကွန်ရက်တွေကနေ ရရှိထားပါတယ်။ဒါပေမယ့်ဝမ်းနည်းစရာကောင်းတာကလုံခြုံရေးအခြေအနေကြောင့် စစ်ဆေးရေးလုပ်ငန်းတွေလုံးဝ မလုပ်နိုင်သေးပါဘူး။ဒါကြောင့် ပျက်စီးဆုံးရှုံးမှု အတိအကျကိုအတည်မပြုနိုင်တာက အကြီးမားဆုံးစိတ်ပူပန်မှုပါပဲ။” လို့သူက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတာတွေ၊ မီးရှို့တာတွေ၊ စည်းကမ်းမဲ့ခုတ်ယူတာတွေကြောင့် ပျက်စီးသွားတဲ့ကမ်းရိုးတန်းဒီရေတောဧရိယာရဲ့ စုစုပေါင်း ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းခန့်ထိတိုက်ရိုက်ပျက်စီးနိုင်တယ်လို့ ဒီရေတောထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တွေက ခန့်မှန်းထားကြပါတယ်။
ဒီရေတောနဲ့အာဏာပိုင်တွေရဲ့အခန်းကဏ္ဍ
လက်နက်ကိုင်ပဋိပက္ခတွေကြားမှာ ဒေသန္တရအုပ်ချုပ်ရေးကို တာဝန်ယူဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သဘာဝသယံဇာတ စီမံခန့်ခွဲရေးဟာရှုပ်ထွေးနက်နဲတဲ့ စိန်ခေါ်မှုတခုဖြစ်တယ်လို့ ဆိုကြပါတယ်။
ဒါပေမယ့်လည်း ရခိုင်ကဆယ့်လေးမြို့နယ်ကို ထိန်းချုပ်ထားတဲ့အာရက္ခတပ်တော်(AA)ဟာ သူတို့ထိန်းချုပ်ထားတဲ့မြို့တွေမှာ သဘာဝပတ်ဝန်းကျင်အရင်းအမြစ်တွေကိုကာကွယ်ဖို့မူဝါဒတွေနဲ့ စည်းမျဥ်းတွေကိုချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။
အာရက္ခတပ်တော်ဟာ ဒီရေတောတွေ အပါအဝင် သစ်တောတွေကိုတရားမဝင် ခုတ်ယူတာ၊မီးရှို့ဖျက်ဆီးတာတွေကို တားဆီးဖို့အတွက် ဒေသအခြေပြုစစ်ဆေးရေးဂိတ်တွေနဲ့ကင်းလှည့်အဖွဲ့တွေလည်း ရှိတယ်လို့အေအေနဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။
ဒီရေတောဒေသတွေနဲ့ သစ်တောထွက်ပစ္စည်းသယ်ယူပို့ဆောင်ရာ လမ်းကြောင်းတွေကိုစောင့်ကြည့်စစ်ဆေးတာတွေ ရှိနေပြီး စည်းမျဉ်းတွေကို ဖောက်ဖျက်ရင် ဒေသန္တရဥပဒေနဲ့အညီ တင်းကျပ်စွာအရေးယူဆောင်ရွက်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။
လက်ရှိရခိုင်နယ်မြေအားလုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်အနေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်လို့ဘယ်လိုလုပ်ဆောင်နေလဲဆိုတာကို AA ရဲ့ပြောရေးဆိုခွင့်ရှိသူခိုင်သုခကိုမေးမြန်းထားပေမယ့် ဆောင်းပါးရေးပြီးအချိန်အထိ အကြောင်းမပြန်သေးပါဘူး။
ဒီရေတောတွေ ရေရှည်တည်တံ့ရေးအတွက် ဒေသတွင်းအုပ်ချုပ်ရေးအဖွဲ့အစည်းတွေအစိုးရနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေက တိကျတဲ့မူဝါဒနဲ့လုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း ထောက်ပြမှုတွေ ရှိနေပါတယ်။
“ဒေသအတွင်းအုပ်ချုပ်သူတွေကတရားမဝင်သစ်ခုတ်သူတွေကိုထိရောက်စွာ အရေးယူတာ၊ ကျနော်တို့လိုထိန်းသိမ်းရေးအဖွဲ့တွေကိုလုံခြုံတဲ့ဝင်ထွက်ခွင့်ပေးတာတွေကို တာဝန်ယူသင့်ပါတယ်။နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ကတော့ ပဋိပက္ခဒဏ်ခံရတဲ့ဒီလိုဒေသတွေမှာဒေသခံအခြေပြုထိန်းသိမ်းရေးအဖွဲ့တွေကိုတိုက်ရိုက်ရန်ပုံငွေထောက်ပံ့တဲ့စနစ်တွေကို ဖော်ဆောင်ပေးဖို့လိုအပ်နေပါတယ်။” လို့ သဘာဝပတ်ဝန်းကျင်အရေးဆောင်ရွက်နေသူတဦးက ပြောပါတယ်။
အဲဒီအပြင် စစ်ရေးလှုပ်ရှားမှုတွေနဲ့ကင်းဝေးစေဖို့အတွက် ဒီရေတောတွေကို “ပတ်ဝန်းကျင်ထိန်းသိမ်းရေးကြားနေဇုန်” (Environmental Neutral Zone)အဖြစ်သတ်မှတ်ပေးဖို့ကိုဒေသအတွင်းအာဏာပိုင်တွေ အားလုံးကို မေတ္တာရပ်ခံတယ်လို့သူက ဆိုပါတယ်။
ဒီရေတောတွေကိုရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့အတွက် အားလုံးက ပူးပေါင်းဆောင်ရွက်မှသာအထမြောက်နိုင်မှာဖြစ်တယ်လို့ဆိုကြပါတယ်။
“အုပ်ချုပ်တဲ့သူအပိုင်းနဲ့ပြောရမယ်ဆိုရင် စီမံကိန်းကို သူတို့ကိုယ်တိုင်သေသေချာချာတိတိကျကျနဲ့ဦးဆောင်လုပ်မယ်။ ပြီးတော့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး သွားမယ်ဆိုရင်တော့ အဆင်ပြေမယ်လို့မြင်တယ်။ဘာလို့လဲဆိုရင် ဘယ်အရာပဲဖြစ်ဖြစ်တခုခုလုပ်မယ်ဆိုရင် နည်းပညာ၊ငွေကြေးနဲ့ ဦးဆောင်နိုင်မဲ့သူ ဒါတွေကလိုအပ်တယ်ပေါ့နော်။သုံးခုလုံးကအဆင်ပြေမယ်ဆိုရင် ဒါကပြန်ပြီးအကောင် အထည်ဖော်နိုင်မယ်။” လို့ ချောင်းဆုံမြို့နယ်ရှိဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော(Community Forest- CF) အဖွဲ့မှအမျိုးသမီးတဦးက ပြောပါတယ်။
ဘယ်လိုပဲဆိုပါစေ ဒီရေတောတွေဟာ လူသားတွေနဲ့ ကမ္ဘာကြီးအတွက် အလွန်အရေးပါတဲ့ သဘာဝဂေဟစနစ်တခုအနေနဲ့ အခုရော၊နောက်နောင်မှာရော ဆက်လက်တည်ရှိနေအုံးမှာဖြစ်ပါတယ်။
တကယ်တော့ ကာဗွန်ဒိုင်အောက်ဆိုဒ်စုပ်ယူများတဲ့ ဒီရေတောထိန်းသိမ်းရေးလိုကိစ္စရပ်တွေမှာ Climate Change ကိုရင်ဆိုင်ရတဲ့အခါ အရေးပါတဲ့အတွက် အစိုးရတွေ၊ INGOs၊ CSO တွေသာမကပြည်သူတွေရဲ့ကိုယ်တိုင်ကိုယ်ကျပါဝင်မှုက သော့ချက်ကျလို့နေပါတယ်။
ဒါကြောင့် ကမ္ဘာကြီးပူနွေးလာမှုနဲ့ရာသီဥတုဖောက်ပြန်မှုတွေကို ကာကွယ်ပေးနိုင်တဲ့ ဒီရေတောတွေဟာ လူတဦးတယောက်ချင်းစီမှာ သက်ဆိုင်ရာအာဏာပိုင်တွေအထိ ဒီရေတောတွေရဲ့အရေးပါမှုကို သိရှိနားလည်ကာကာကွယ်ထိန်းသိမ်းသင့်နေချိန်လည်းဖြစ်ပါတယ်။
ဒီရေတောထိန်းသိမ်းရေး လုပ်ငန်းတွေထဲမှာ ဒေသခံတွေအစုအဖွဲ့ပိုင်သစ်တောထိန်းသိမ်းရေးလုပ်ငန်းတွေဟာလည်း တခုအပါအဝင်ဖြစ်ခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အစုအဖွဲ့ပိုင်သစ်တောထိန်းသိမ်းရေးနဲ့ပတ်သက်လို့ကတော့ ချောင်းဆုံမြို့နယ်ရှိ အစုအဖွဲ့ပိုင်သစ်တောမှာပါဝင်ခဲ့တဲ့ စကားသံတွေကသက်သေပြလို့နေပါတယ်။
လက်ရှိမှာ ဒီရေတောစိုက်ပျိုးရေးနဲ့ ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းတွေကို လုံး၀ ရပ်နားထားရတဲ့ အခြေအနေ ရှိနေတယ်လို့ ချောင်းဆုံမြို့နယ်ရှိ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော (Community Forest – CF) အဖွဲ့ရဲ့အမျိုးသမီးတဦးက ပြောပါတယ်။
“လုပ်တဲ့ အဖွဲ့အစည်းတွေ၊ ပံ့ပိုးပေးတဲ့သူ ဦးဆောင်တဲ့သူတွေမရှိတော့ဆက်လုပ်ဖို့တော့အဆင်မပြေဘူး။ ဘယ်သူမှလည်း လာပြီးတော့ ဦးဆောင်မယ့်သူ မရှိတော့ဘူး”။ လို့ သူက ဆိုပါတယ်။









