Border News Agency
ဝါရှင်တန်၊ မတ် ၁၈။
အီရန်နိုင်ငံရဲ့စစ်ရေးအင်အားဟာ ထင်ထားတာထက် ပိုပြီးကြီးမားနေတာကြောင့် အတော်လေး အံ့အားသင့်မိတယ်လို့ သမ္မတ ထရန့်က ဝါရှင်တန်မှာ ပြောကြားလိုက်ပါတယ်။
အီရန်ဟာ ပင်လယ်ကွေ့ဒေသတွင်းက အာရပ်နိုင်ငံတွေကို ဒီလောက်အထိ အပြင်းအထန် တိုက်ခိုက်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်မှတ်ထားခဲ့ကြဘူးလို့လည်း ဆိုပါတယ်။
ထရန့်က အီရန်ရဲ့ဒရုန်းနဲ့ ဒုံးကျည်စက်ရုံ အများအပြားကို အမေရိကန်က ဖျက်ဆီးနိုင်ခဲ့ပြီဖြစ်လို့ အခုဆိုရင် အီရန်မှာ လက်နက်အင်အား ၈ ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် အမေရိကန် ထောက်လှမ်းရေးတွေကတော့ အီရန်ဘက်က အခုလို အပြင်းအထန် တုံ့ပြန်လာနိုင်ခြေရှိတာကို သမ္မတထရန့်ထံ ကြိုတင်သတိပေး အစီရင်ခံထားပြီးသားလို့ တုံ့ပြန်နေကြပါတယ်။
အမေရိကန်ဘက်က အီရန်ကို စတင်တိုက်ခိုက်ခဲ့ရင် အာရပ်မဟာမိတ်နိုင်ငံတွေ ပြန်လည်တိုက်ခိုက်ခံရမှာကို ထရန့် သိထားပေမယ့် ကြိုတင်ပြင်ဆင်မှု မရှိခဲ့ဘူးလို့ သတင်းရင်းမြစ်တွေက ထောက်ပြနေပါတယ်။
အထူးသဖြင့် ကမ္ဘာ့ရေနံလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်ဆို့ထိန်းချုပ်လိုက်တာကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းတွေလည်း အပြင်းအထန် ထိုးတက်ကုန်ပါတယ်။
အရှေ့အလယ်ပိုင်းမှာ စစ်ရေးတင်းမာမှုတွေ ဒီလောက်ထိ ပြင်းထန်လာပေမဲ့လည်း အမေရိကန်အစိုးရဟာ သံတမန်တွေကို အချိန်မီ ဘေးလွတ်ရာမရွှေ့ပြောင်းနိုင်ခဲ့ပါဘူး။
အိမ်ဖြူတော်မှာ သတင်းထောက်တွေက ဒီအချက်ကို မေးမြန်းတဲ့အခါမှာတော့ ထရန့်က ဒေါသတကြီးနဲ့ပဲ “ဘယ်သူကမှ ငါ့ကို ကြိုမပြောခဲ့ဘူး” လို့ သူ့ရဲ့ အဖွဲ့ဝင်တွေအပေါ်မှာပဲ အပြစ်ပုံချခဲ့ပါတယ်။
ဒါပေမယ့် ထောက်လှမ်းရေးအရာရှိတွေဘက်ကတော့ ထရန့်ရဲ့ ပြောဆိုချက်ဟာ မှားယွင်းနေပြီး အီရန်ရဲ့ တုံ့ပြန်မှုပြင်းထန်နိုင်ခြေကို အစီရင်ခံစာတွေမှာ အတိအကျ ဖော်ပြခဲ့ပြီးဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုနေကြပါတယ်။
သမ္မတထရန့်ဟာ ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့တာကို ဖုံးကွယ်ဖို့အတွက် အခုလို ငြင်းဆိုနေတာလို့ ဝေဖန်ခံနေရပါတယ်။
ထရန့်ဟာ အီရန်ကို ဆက်လက်တိုက်ခိုက်ဖို့ ညွှန်ကြားထားပေမယ့် သူ့ရဲ့ စစ်ရေးဆုံးဖြတ်ချက်တွေအပေါ်မှာတော့ အစိုးရအတွင်းပိုင်းမှာရော နိုင်ငံတကာမှာပါ မေးခွန်းထုတ်စရာတွေ ဖြစ်လာနေပါတယ်။






