Border News Agency
မာန်အောင်၊ အောက်တိုဘာ ၁၃။
စစ်ကော်မရှင်တပ်ထိန်းချုပ်ထားတဲ့ မာန်အောင်မြို့နယ်မှာ ရခိုင်တိုင်းရင်းသားများပါတီ(RNP)ဟာ ရုံးဖွင့်လိုက်ပြီလို့ မာန်အောင်ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီမာန်အောင်မြို့နယ်၊ ကအီးကျေးရွာမှာ အောက်တိုဘာလ ၁၂ ရက်နေ့က ရခိုင်တိုင်းရင်းသားများပါတီ ရုံးဖွင့်ခဲ့တာလို့ဆိုကြပါတယ်။
အဲဒီအပြင် ကုန်တန်းနဲ့တခြားကျေးရွာတွေမှာလည်း အောက်တိုဘာလ ၁၀ ရက်နေ့က ကျေးရွာပါတီရုံးတွေ ဖွင့်ခဲ့တယ်လို့ ဆိုကြပါတယ်။
အဲဒီရခိုင်တိုင်းရင်းသားများပါတီကို ရခိုင်အမျိုးသားပါတီ(ANP)ပါတီဝင် ဟောင်းဦးဘရှိန်ကဦးဆောင်နေတာပါ။
ဦးဘရှိန်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ကျောက်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှင်ပြိုင်အနိုင်ရခဲ့သူဖြစ်ပါတယ်။
စစ်ကော်မရှင်ပြုလုပ်မယ့် ရွေးကောက်ပွဲကော်မရှင်မှာ ရခိုင်တိုင်းရင်းသားများပါတီ၊ ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ(RSNUP)၊ မြိုတိုင်းရင်းသားပါတီ(MNP)၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ(MNDP)နဲ့ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ပါဝင်ယှဉ်ပြိုင်မယ်လို့ ကြေညာထားပါတယ်။
စစ်ကော်မရှင်တပ်ဟာ မာန်အောင်၊ စစ်တွေ၊ ကျောက်ဖြူသုံးမြို့နယ်ကိုသာ ထိန်းချုပ်ထားပြီး အာရက္ခတပ်တော်က တဆယ့်လေးမြို့နယ်ကို ထိန်းချုပ်ထားပါတယ်။
ဒါပေမယ့် အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ တောင်ကုတ်၊ အမ်း၊ ဂွနဲ့သံတွဲ စတဲ့မြို့နယ်တွေမှာလည်း ရွေးကောက်ပွဲလုပ်ဖို့ စီစဉ်ထားတယ်လို့ စစ်ကော်မရှင်က ကြေညာထားပါတယ်။