Border News Agency
မန်တုံ၊ အောက်တိုဘာ ၁၇။
ရှမ်းပြည်အရှေ့ပိုင်း၊ မန်တုံမြို့နယ်နဲ့နမ္မတူမြို့ကို အောက်တိုဘာလ ၁၇ ရက်၊ ဒီနေ့မနက် ၈ နာရီကျော်အချိန်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ သုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့ပါတယ်။
မန်တုံမြို့နယ်၊ ဟိုမိန်ကျေးရွာကို ဗုံးကြဲချတိုက်ခိုက်လို့ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတဦး၊ သုံးဦးသေဆုံးပြီး နေအိမ်ဆယ်လုံးပျက်စီးခဲ့ပါတယ်။
အဲဒီအပြင် နမ္မတူမြို့၊ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းကိုလည်း စစ်ကော်မရှင်တပ်ဗုံးကြဲတိုက်ခိုက်လို့ ဆရာမလေးဦးဒဏ်ရာရခဲ့ကြပြီး စာသင်ကျောင်းဆောင်နှစ်ဆောင်၊ ဆရာမအိပ်ဆောင်တဆောင်လည်း ပျက်စီးသွားခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာ ၁ရက်နေ့မှ ၁၆ရက်နေ့ထိ လေကြောင်းက မန်တုံမြို့ကိုတကြိမ်၊ ကျောက်မဲမြို့ကိုသုံးကြိမ်၊ သီပေါမြို့ကိုငါးကြိမ်၊ မိုင်းငေါ့မြို့ကိုတကြိမ်၊ မိုင်းလုံမြို့ကိုလေးကြိမ်၊ နမ့်ဆန်မြို့ကိုသုံးကြိမ်၊ နမ္မတူမြို့ကိုလေးကြိမ်၊ မိုးမိတ်မြို့ကိုသုံးကြိမ်နဲ့ မိုးကုတ်မြို့ကိုတကြိမ်၊ စုစုပေါင်းနှစ်ဆယ့်ငါးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးခုနှစ်ဦး၊ အမျိုးသားဆယ်ဦး၊ အမျိုးသမီးဆယ့်နှစ်ဦးသေဆုံးခဲ့ပြီး ကလေးဆယ့်တဦး၊ အမျိုးသားဆယ့်လေးဦး ၊အမျိုးသမီးဆယ့်တဦးဒဏ်ရာရှိခဲ့ပြီး လူနေအိမ်တရာရှစ်အိမ်၊ စာသင်ကျောင်းသုံးကျောင်း၊ ဘုန်းကြီးကျောင်းနှစ်ကျောင်း၊ ကျောင်းဆောင်လေးဆောင်နဲ့ အဆောက်အဦးလေးခုတို့ ပျက်စီးသွားခဲ့ပါတယ်။
ဒါ့ကြောင့် စစ်ကော်မရှင်တပ်ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ ပြည်သူတွေစစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်ကြပါတယ်။












