Border News Agency
နမ့်ဆန်၊ အောက်တိုဘာ ၁၇။
နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးနှစ်ဦးနဲ့အမျိုးသားတဦးသေဆုံးပြီး အမျိုးသမီးနှစ်ဦးဒဏ်ရာရသွားတယ်လို့ တအာင်းတပ်မတော်က အောက်တိုဘာလ ၁၇ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဟိုမိန်းကျေးရွာကို ဒီနေ့ မနက် ၈ နာရီ ၁၀ မိနစ်အချိန်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၅ နှစ်အရွယ် လိုည်းစန္ဒာဝင်း၊အသက် ၁၅ နှစ်အရွယ် လိုည်းစပယ်ညွန့်နဲ့ အသက် ၅၅ နှစ်အရွယ် ဦးကွန်နွယ်သေဆုံးခဲ့ပြီး အသက် ၂၀အရွယ် လိုည်းနီလာကျော်၊ အသက် ၄၀အရွယ် ဒေါ်အေဆွေဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် နေအိမ်ငါးအိမ်လည်းပျက် စီးသွားခဲ့တယ်လို့ဆိုပါတယ်။
နမ္မတူမြို့လည်း စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးလေးဦးဒဏ်ရာရသွားခဲ့ပြီး စာသင်ဆောင်နှစ်ဆောင်နဲ့ နေအိမ်တွေလည်းပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာ လ ၁ရက်နေ့မှ ၁၆ ရက်နေ့ထိ မန်တုံမြို့ကိုတကြိမ်၊ ကျောက်မဲမြို့ကိုသုံးကြိမ်၊ သီပေါမြို့ကိုငါးကြိမ်၊ မိုင်းငေါ့မြို့တွင်တကြိမ်၊မိုင်းလုံမြို့ကိုလေးကြိမ်၊ နမ့်ဆန်မြို့ကိုသုံးကြိမ်၊ နမ္မတူမြို့ကိုလေးကြိမ်၊ မိုးမိတ်မြို့ကိုသုံးကြိမ်နဲ့ မိုးကုတ်မြို့ကိုတကြိမ်၊ စုစုပေါင်းနှစ်ဆယ့်ငါးကြိမ်ထိ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဗုံးပေါက်ကွဲလို့ ကလေးခုနှစ်ဦး၊ အမျိုးသားဆယ်ဦး၊ အမျိုးသမီးဆယ့်နှစ်ဦးသေဆုံးခဲ့ပြီး ကလေးဆယ့်တဦး၊ အမျိုးသားဆယ့်လေးဦး၊ အမျိုးသမီးဆယ့်တဦးတို့ဒဏ်ရာရှိခဲ့ကာ နေအိမ်တရာ့ရှစ်အိမ်၊ စာသင်ကျောင်းသုံးကျောင်း၊ ဘုန်းကြီးကျောင်းနှစ်ကျောင်း၊ ကျောင်းဆောင်လေးဆောင်နဲ့ အဆောက်အဦးလေးခု ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် မိဘပြည်သူတွေဟာ စစ်ကော်မရှင်လေကြောင်းရန်ကို ရှောင်နိုင်ဖို့စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်နယ်မြေတွေကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းနဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေတယ်လို့ ဆိုပါတယ်။












