Border News Agency
ကန့်ဘလူ၊ ဒီဇင်ဘာ ၇။
ကန့်ဘလူမြို့နယ်ကို စစ်ကော်မရှင်တပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူတွေ စစ်ဘေးရှောင်နေကြရတာမို့ အကူအညီတွေလိုအပ်နေကြတယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ ထုတ်ပြန်ပါတယ်။
အဲဒီ ကန်ဘလူမြို့နယ်က ဒေသခံတွေမှာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၁ရက်နေ့ကတည်းက ဒီနေ့အချိန်ထိဆို စစ်ဘေးရှောင်နေရတာတလနီးပါးခန့်ရှိပြီဖြစ်တယ်လို့လည်းဆိုပါတယ်။
“ကန့်ဘလူမြို့နယ်ထဲမှာဆို ဟိုးအစကတည်းက အိမ်တွေမီးရှို့ခံရလို့ ရှောင်ကြရတဲ့ ရေရှည်စစ်ရှောင်၊ အခုလိုစစ်ကြောင်းထိုးလို့ပြေးရလွှားရတဲ့ အရေးပေါ်စစ်ရှောင်ရယ်ဆိုပြီးရှိတာပေါ့နော်။ အရေးပေါ်ပြေးရတဲ့ပြည်သူတွေအတွက်ကကျ တချို့ဆို ဆန်၊ ဆီစားနပ်ရိက္ခာမသယ်နိုင်ပဲ ကိုယ်လွတ်ရုန်းပြေးလာရတာတွေလည်းရှိတော့ စားနပ်ရိက္ခာလိုတာမျိုးတွေရယ်။”လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ရဲ့မြို့နယ်တာဝန်ခံမှ ပြောပါတယ်။
အဲဒီအပြင် ဆောင်းရာသီကာလဖြစ်တာကြောင့် စစ်ဘေးရှောင်တွေအတွက် အနွေးထည်၊ စောင် အကူအညီလိုအပ်နေတယ်လို့ ဆိုကြပါတယ်။
“ခုကာလကဆောင်းတွင်းဖြစ်နေတော့ ဖြစ်သလိုအိပ်ရ၊ နေရတဲ့အခါအသက်ကြီးပိုင်းလူကြီးတွေအနေနဲ့ကျ ရာသီဥတုဒဏ်ခံရတာကလည်းပြသနာဖြစ်နေတော့ အနွေးထည်၊ စောင်လိုတာမျိုးတွေ ရှိနေပါတယ်။”လို့ စစ်ဘေးရှောင်အရေးကူညီပေးနေသူတဦးကပြောပါတယ်။
အဲဒါကြောင့် စစ်ရှောင်ပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးလိုပါက စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်သို့ချိတ်ဆက်ဆောင်ရွက်နိုင်ပါတယ်လို့ ဆိုပါတယ်။













