Border News Agency
စစ်ကိုင်း၊ ဒီဇင်ဘာ ၁၆။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အရှေ့မြောက်နဲ့အရှေ့တောင်ခြမ်းကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ သံဃာတပါးနဲ့ အရပ်သားသုံးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရသွားတယ်လို့ ဝက်လက်သတင်းကွန်ရက် (Wetlet Information Network) က သတင်းထုတ်ပြန်ပါတယ်။
အဲဒီရွေဘိုမြို့နယ်၊ သဲကျွန်းရွာအရှေ့ဘက်ကို ဒီဇင်ဘာ ၁၆ ရက်၊ ဒီနေ့ နေ့လည်၁ နာရီအချိန်မှာ စစ်ကော်မရှင်တပ်ဟာ တိုက်လေယာဥ်လေးစင်း၊ ဂျိုင်ရိုကော်ပတာ သုံးစင်းနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်တပါးနဲ့ အရပ်သားသုံးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရသွားသလို ကားသုံးစီးလည်းမီးလောင်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဝက်လက်မြို့နယ်၊ ထုံးဘိုရွာအနီးရှိ စစ်ဘေးရှောင်ပြည်သူတွေနေတဲ့ သန်းကုန်းတောတိုက်နေရာကို ဒီဇင်ဘာလ ၁၃ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်လို့ အရပ်သားလေးဦးသေဆုံးသွားပြီး ဆယ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဒီဇင်ဘာလအတွင်းမှာ စစ်ကိုင်းတိုင်းဒေသက မြို့နယ်တွေကို နေ့စဥ်နဲ့အမျှ လေကြောင်း၊ ဒရုန်းနဲ့ တိုက်ခိုက်နေတာကြောင့် ပြည်သူတွေ သေဆုံး၊ ဒဏ်ရာရနေကြပါတယ်။













