Border News Agency
တနင်္သာရီတိုင်း၊ ဒီဇင်ဘာလ ၁၇။
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းစစ်ဌာနကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်သုံးဦး လက်နက်တွေနဲ့အတူထပ်မံ အလင်းဝင်လာခဲ့တယ်လို့ တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးမှ ဒီဇင်ဘာလ ၁၇ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
တနင်္သာရီမြို့၊ အောက်ကင်းအခြေစိုက် အမှတ်(၅၅၇) ခြေမြန်တပ်ရင်းမှ ဒုတပ်ကြပ် သန်းဝင်း တ/၄၄၂၅၂၆၊ တပ်သား မောင်မောင်ဌေး ပစ/၁၄၃၃၇၅၊ တပ်သား ကျော်ဇေယျ ပစ/၁၄၁၆၉၂ တို့သုံးဦးဟာ ဒီဇင်ဘာလ ၉ ရက်နေ့က အလင်းဝင်လာတယ်လို့ဆိုပါတယ်။
သူတို့သုံးဦးနဲဲ့အတူ MA-4 (၁) လက်၊ MA-3 (၂) လက်၊ ၄၀ မမ ကျည် (၂၅)လုံး၊ ၅.၅၆ ကျည်(၃၄၄)တောင့်၊ ကျည်ဘောက် (၁၁)ခုနဲ့အတူ တနင်္သာရီတိုင်းစစ်ဌာန၊ ရှေ့တန်းကွပ်ကဲရေးအဖွဲ့ထံအလင်းဝင်လာတယ်လို့ ဆိုပါတယ်။
အလင်းဝင်ရောက်လာတဲ့တပ်သားသုံးဦးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဆင်ရေးနယ်မြေအမှတ်(၁) စစ်ဆင်ရေးမှူး ရဲဘော်စောရှား၊ တနင်္သာရီတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ရဲဘော်စတား၊ တနင်္သာရီတိုင်းစစ်ဌာန စစ်ဆင်ရေးအရာရှိ ရဲဘော်စီဝမ်းတို့မှ လက်ခံကြိုဆိုခဲ့တယ်လို့ဆိုပါတယ်။
အဲဒီနောက် အမှတ်(၃၅)နည်းဗျူဟာမှူး ရဲဘော်ကျော်ထင်အောင်၊ တနင်္သာရီမြို့နယ် ပကဖဒုတာဝန်ခံ ရဲဘော်ဗီနို၊ တနင်္သာရီပကဖ တောင်ပံနီ(ဇုန်-၄) တာဝန်ခံ ရဲဘော်ဂျက်တို့မှ အလင်းဝင်ရဲဘော်တို့ကို ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့တယ်လို့ဆိုပါတယ်။
အကြမ်းဖက်စစ်ကော်မရှင် လက်အောက်ခံတပ်သားများဟာ တနင်္သာရီတိုင်းစစ်ဌာနအောက်ရှိ တပ်ရင်းတပ်ဖွဲ့များနဲ့ တော်လှန်ရေးအဖွဲ့များဆီ လာရောက်ပူးပေါင်းအလင်းဝင်သူ ရာချီရှိနေပြီး ပြည်သူ့ရင်ခွင်ခုံလှုံအလင်းဝင်လာသူများကို နွေးထွေးစွာကြိုဆိုလျက်ရှိပြီး တနင်္သာရီတိုင်းစစ်ဌာနအောက်ရှိ တပ်ရင်းတပ်ဖွဲ့များဆီလက်နက်နဲ့အတူ လာရောက်ပူးပေါင်းပါက ထိုက်တန်စွာဂုဏ်ပြုချီးမြှင့်သွားမယ်လို့ဆိုပါတယ်။













